ဗီတာမင်၊ သတ္တုဓါတ်နှင့် အာဟာရဓါတ်များစွာကြွယ်ဝသည့် ထောပတ်သီးကို မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ် အစရှိသည့် ကုန်းမြင့်ဒေသများ၌ စိုက်ပျိုးကြပါသည်။ ကျယ်ကျယ်ပြန့် ပြန့်စားသုံးလေ့မရှိ၍ စီးပွားဖြစ်စိုက်ပျိုးခြင်း ယခင်ကနည်းပါးခဲ့သော်လည်း၊ မြန်မာ့ထောပတ်သီးများမှာ နိုင်ငံတကာမှလက်ခံနိုင်သည့် အရည် အသွေး ပြည့်မီခြင်း၊ ဓါတုဆေး သုံးစွဲမှုနည်းပါး၍ ဓါတ်ကြွင်းအာနိသင်နည်းပါးခြင်း၊ နိုင်ငံတကာ စျေးကွက်မှ စိတ်ဝင်စား မှုရှိလာခြင်း စသည့်အချက်များကြောင့် ပို့ကုန်အလားအလာရှိသည့် သီးနှံတစ်ခုအဖြစ် တိုးချဲ့စိုက်ပျိုးလာကြသည်။
စားသုံးသူများအတွက် ရွေးချယ်စရာအလွန်များပြားသည့် ယနေ့သီးနှံစျေးကွက် တွင် ထောပတ်သီးအပါအဝင် မိမိတို့ထုတ်လုပ်သည့်သီးနှံသည် အရည်အသွေးအာမခံချက် ရှိမှသာ အခြားသီးနှံများနှင့် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။ အရည်အသွေးဟုဆိုရာ၌ စားသုံးသူအားဆွဲဆောင်နိုင်စွမ်းရှိသောအသွင်အပြင်ရှိ၍၊ စားသုံးရာ၌ အရသာ ကောင်းမွန်ခြင်း၊ အနံ့အရသာရှိခြင်း စသည့်အချက်များကိုဆိုလိုသည်။ ထို့ပြင်သီးနှံများ၌ ရောဂါပိုးမွှားကင်းစင်ခြင်း၊ ဘေးကင်းစိတ်ချရခြင်း၊ စျေးသင့်တင့်ခြင်း အစရှိသော အရည်အသွေးများလည်း သီးနှံများ၌ရှိသင့်သည်။ အဆိုပါအရည်အသွေးများကို အဓိက လွှမ်းမိုးသောအချက်များမှာ မျိုးရွေးချယ်မှုမှန်ကန်ခြင်း၊ စိုက်ခင်းထဲတွင် စနစ်တကျ ပြုစုစောင့်ရှောက်ခြင်း၊ သီးနှံများရင့်မှည့်မှုရှိမှသာ ခူးဆွတ်ခြင်း၊ သင့်တော်သော နည်းလမ်းဖြင့်ခူးဆွတ်ခြင်းနှင့် ဂရုတစိုက်ကိုင်တွယ်ခြင်း စသည်တို့ဖြစ်ကြပါသည်။
အထူးသဖြင့် သစ်သီးများအား ရင့်မှည့်မှုအပြည့်အဝမရောက်ရှိမီ ခူးဆွတ်မိလျှင် ဖြစ်စေ၊ နောက်ကျ၍ခူးဆွတ်မိလျှင်ဖြစ်စေ၊ စားသုံးသူများနှင့် စျေးကွက်မှတောင်းဆိုသည့် အရည်အသွေးကို ရရှိနိုင်မည်မဟုတ်သကဲ့သို့ သစ်သီးများ၏ ခူးဆွတ်ပြီးနောက် ကြာရှည်အထားခံနိုင်မှုအပေါ်တွင်ပါ ဆိုးကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။ ဥပမာ- ပေါ်ဦးပေါ်ဖျားတွင် စျေးကောင်းရစေရန် ထောပတ်သီးအား ကောင်းစွာမရင့်ဘဲ ခူးဆွတ် ပါက၊ ဆက်လက်၍မရင့်မှည့်တော့ဘဲ၊ အရည်အသွေးမပြည့်ဝသည့် အသီးများသာ စျေးကွက်သို့တင်ပို့နိုင်မည်ဖြစ်၍၊ စျေးကောင်းရရှိရန် ခက်ခဲပါလိမ့်မည်။
ထောပတ်သီးသည် ပန်းပွင့်တွင်အသီးစတည်သည့်နေ့မှ ရက်ပေါင်း (၁၇ဝ-၁၈၅)ခန့်တွင် အရွယ်ရောက်(ရင့်)လေ့ရှိပါသည်။ သို့ရာတွင် စိုက်ပျိုးသည့်ဒေသ၏ ရာသီဥတု၊ အမြင့်ပေ၊ ထောပတ်ပင်တွင်ထည့်သွင်းသည့်အာဟာရနှင့် ထောပတ်သီးမျိုး အပေါ်မူတည်၍ အရွယ်ရောက်ချိန်ကွာခြားလေ့ရှိသည်။ ထောပတ်သီးသည် အပင်မှ ခူးဆွတ်ပြီးလျှင် ဆက်လက်အသက်ရှု၍ ရင့်မှည့်ခြင်းဖြစ်စဉ်များဖြစ်ပွားသည့် အသီး အမျိုးအစားအုပ်စု (Climacteric fruit)တွင်ပါဝင်၍၊ ခူးဆွတ်ပြီးနောက်ပိုင်းမှသာ အသီးခွံနှင့် အတွင်းသားအရောင်၊ အတွင်းသားအရသာ၊ အနံ့၊ နူးညံ့မှု၊ အဆီဓါတ် ပါဝင်မှုများ အဆင့်ဆင့်ပြောင်းလဲ ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ ထို့ကြောင့် ဇီဝကမ္မဖြစ်စဉ်အရ အရွယ်ရောက်ထားသောထောပတ်သီးမှသာ ရင့်မှည့်နိုင်ပြီး၊ ကောင်းမွန်သည့် အရသာနှင့် အနံ့၊ နူးညံ့၍ အမျှင်ကင်းစင်သည့်အတွင်းသားတို့ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ဇီဝကမ္မအရအရွယ်ရောက်ခြင်းဆိုသည်မှာ ထောပတ်သီးသည် ဖွံ့ဖြိုးကြီးထွားမှုကို အလုံးစုံရောက်ရှိပြီးနောက်၊ ဆက်လက်ရင့်မှည့်နိုင်သည့် အခြေအနေကိုဆိုလိုသည်။ သစ်သီးအများစု၏ အရွယ်ရောက်ချိန် တနည်းအားဖြင့်ရင့်ချိန်ကို ခန့်မှန်းရသည်မှာ လွယ်ကူသော်လည်း ထောပတ်သီးသည် မခူးဆွတ်ဘဲ အပင်တွင်ဆက်လက်ထားရှိလျှင် မမှည့်တတ်သည့်သဘောရှိသောကြောင့်၊ အရွယ်ရောက်(ရင့်)ချိန်ကို သတိမထားမိနိုင်ဘဲ ခူးဆွတ်ချိန်မှားယွင်းတတ်သည်။ Whiley et al. (2013)၏ တွေ့ရှိချက်များအရ ထောပတ်သီးသည် အရွယ်ရောက်ခြင်းကို အလုံးစုံရရှိပြီးသော်လည်း မခူးဆွတ်မိလျှင်၊ ကြွေကျခြင်းမရှိဘဲ (၆)လ သို့မဟုတ် ယင်းထက်ပို၍ အပင်ပေါ်တွင် ဆက်လက်ရှိနေ နိုင်သည်။
ထောပတ်သီးအား အရွယ်မရောက်မီခူးဆွတ်မိပါက အထက်ပါ ရင့်မှည့်မှုဖြစ်စဉ် များ အပြည့်အဝဖြစ်ပေါ်ခြင်းမရှိတော့ဘဲ အသီးမှာပျော့ပျောင်းမှုရှိသော်ငြား (၁) ရေဓါတ် ဆုံးရှုံးရသောကြောင့်ရှုံ့တွသည် (၂) အတွင်းသားရှိဆဲလ်နံရံများပျော်ကျနိုင်ခြင်း နည်းပါး သောကြောင့် မပျော့ပြောင်းဘဲ သားရည်သားကဲ့သို့ မာဆတ်ဆတ်ဖြစ်သည် (၃) ရောင်ခြည်ပစ္စည်းများဆက်လက်မစုစည်းနိုင်တော့ဘဲ အရောင်မညီမညာဖြစ်တတ်သည် (၄) အတွင်းသားတွင် သကြားဓါတ်အဖြစ်သို့ ပြောင်းလဲနိုင်မှုနည်းပါးပြီး အချိုပေါ့သွား သည် (၅) ထောပတ်သီးတွင်ထူးထူးခြားခြား ပမာဏများစွာပါဝင်၍ အသီးမှည့်ရန် ထိန်းချုပ်သောဓါတ်တစ်ခုဖြစ်သည့် C7 သကြားများ (mannoheptulose နှင့် perseitol)သည် မရင့်သောထောပတ်သီးတွင် ပါဝင်မှုနည်းသောကြောင့် အသီး ဆက်လက်မှည့်ရန် မဆောင်ရွက်နိုင်တော့ပါ (Pedreschi et al., 2019) (၆) လိုအပ်သည့် အနံ့ဖြစ်စေမည့် ဒြပ်ပေါင်းများဖွဲ့စည်းခြင်းသည် လျော့ကျသွားခြင်းကြောင့် ထောပတ်မျိုးအလိုက်ရှိရမည့် အနံ့အရသာမရနိုင်တော့ပါ။
ထို့ပြင် မရင့်မီခူးဆွတ်မိပါက ကြာရှည်အထားမခံနိုင်သည်ကိုလည်း တွေ့ရှိ ရပါသည်။ Dixon et al. (2003) ၏ တွေ့ရှိချက်များအရ သင့်လျော်သော ရင့်မှည့်မှု ရှိသည့် ထောပတ်သီးသည် အသီးပုပ်ခြင်းနှင့် အအေးခန်း၌သိုလှောင်စဉ်အတွင်း ရေခဲနာဖြစ်ပွားမှု အနည်းဆုံးဖြစ်၍ ကြာရှည်အထားခံပါသည်။ အသီးနု သို့မဟုတ် အမှည့်လွန်ထောပတ်သီးများသည် အဆိုပါအချက်များအား ခံနိုင်ရည်နည်းပါး၍ အထားမခံကြောင်း ဖော်ပြထားပါသည်။
ထို့ကြောင့် ထောပတ်သီးအား စားသုံးသူများကြိုက်နှစ်သက်သည့် အရည်အသွေး ရရှိရန်အတွက် အသီးနုများအားမခူးဆွတ်သင့်ပါ။ အလားတူစွာ ခူးဆွတ်ချိန် အလွန် နောက်ကျလျှင် အပင်ပေါ်ရှိအသီးများသည် အပင်အတွက်ဝန်ဖြစ်စေ၍၊ ၄င်းဖြစ်စဉ်သည် လာမည့်နှစ်အတွင်း ပန်းခိုင်ထွက်ရှိမှုနှင့် အသီးတင်မှုအပေါ် အကျိုးသက်ရောက်မှုရှိပြီး၊ အသီးအထွက်နှုန်းကျဆင်းတတ်သည်။
ထောပတ်သီးရင့်မှည့်မှုအား လွယ်ကူစွာစမ်းသပ်နိုင်သည့် ကမ္ဘာနှင့်အဝှမ်းမှလက်ခံ ထားသော နည်းလမ်းတစ်ခုမှာ ထောပတ်သီးအတွင်းသား၏ Dry Matter ရာခိုင်နှုန်းကို ဆန်းစစ်ခြင်းဖြင့် အသီးရင့်မှည့်မှုကိုဆုံးဖြတ်ခြင်းဖြစ်သည်။ အဆိုပါနည်းမှာ အကြမ်းဖျဉ်းအနေဖြင့် ထောပတ်သီးအတွင်းသားသက်သက် အနည်းဆုံး (၁၀၀) ဂရမ်ခန့်၏အစိုအလေးချိန်နှင့် (မီးဖို/မိုက်ကရိုဝေ့ဖြင့်အခြောက်ခံပြီး) အခြောက် အလေးချိန်ကို ချိန်တွယ်ပါ။ ထို့နောက် အတွင်းသားအခြောက်အလေးချိန်ကို အစို အလေးချိန်နှင့်စား၍ ၁၀၀ ဖြင့်မြှောက်ပြီး Dry Matter ရာခိုင်နှုန်းကို တွက်ချက်ရခြင်း ဖြစ်သည်။
ဥပမာ
ထောပတ်သီးအတွင်းသားအစိုအလေးချိန် – ၁၂၅ ဂရမ်
ထောပတ်သီးအတွင်းသားအခြောက်ခံပြီးအလေးချိန် – ၃၀ ဂရမ်
Dry Matter ရာခိုင်နှုန်း – (၃၀/၁၂၅) x ၁၀၀ = ၂၄ %
ယေဘူယျအနေဖြင့် Dry Matter ၂၃ % ရောက်ရှိပြီးမှသာ ရင့်မှည်သည်ဟု သတ်မှတ်နိုင်ပြီး၊ ထောပတ်သီးများကို ခူးဆွတ်သင့်သည်။
ထောပတ်သီးရင့်မရင့်ဆုံးဖြတ်ရန် အခြားနည်းလမ်းများစွာရှိပါသည်။ လွယ်ကူသော နည်းလမ်းအချို့မှာ မျက်မြင်အနေအထားဖြင့်ဆုံးဖြတ်ရခြင်းဖြစ်သည်။ သို့သော် ထောပတ်မျိုးအပေါ် မူတည်၍ ခြားနားချက်အနည်းငယ်ရှိနိုင်ပါသည်။ ၄င်းတို့မှာ-
- အသီးရင့်လာလျှင် သီးညှာသည် ပို၍တုတ်လာမည်၊ ဖောင်းလာမည်၊ သိသိသာသာအဝါရောင်ပြောင်းလာမည်။
- အသီးအားခွဲကြည့်လျှင် အစေ့ခွံသည် အဖြူရောင်ဖြစ်နေရာမှ ခြောက်ကပ်လာမည်၊ မည်းလာမည်၊ အနည်းငယ်ရှုံ့လာမည်။
- အသီးကြီးထွားလာမည်။
- အသီးခွံသည် တောက်တောက်ပပမရှိတော့ပါ၊အရောင်မစိုဘဲ မှိုင်းလာမည် (အခွံပါး သည့်မျိုးများတွင် ယခုကဲ့သို့ပြောင်းလဲမှုမရှိပါ)။
- ‘Hass’ မျိုးတွင် အသီးခွံသည် ခရမ်းရောင်သို့ ပြောင်းလဲလာမည်။
အဆိုပါသတ်မှတ်ချက်များသည် ထောပတ်သီး၏ မျက်မြင်အခြေအနေကိုသာကြည့်၍ ဆုံးဖြတ်ရသောကြောင့် ကွဲပြားမှုရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ အရည်အသွေးပြည့်မီသော ထောပတ်သီးများအား ရောင်းချတင်ပို့မှသာ ရေရှည်တည်တံ့၍ ခိုင်မာသည့်စျေးကွက်ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ် သူများအနေဖြင့် အရည်အသွေးကောင်းမွန်၍ မိမိတို့ဒေသနှင့်ကိုက်ညီသည့် ထောပတ်မျိုးများကို ရွေးချယ်ရန် လိုအပ်သကဲ့သို့၊ မှန်ကန်သည့်စိုက်ပျိုးနည်းစနစ်များကို ထောပတ်သီး ထုတ်လုပ်မှုတိုးမြှင့်ရေးအတွက်သာမက၊ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းရေးအတွက်ပါ စနစ်တကျလိုက်နာသင့်ပါသည်။ ထိုကဲ့သို့ စနစ်တကျ ပြုစုစောင့်ရှောက်ပြီးခါမှ ထောပတ်သီးများ အရည်အသွေးမကျဆင်းစေရန်အတွက်၊ ရင့်မှည့်ချိန်ရောက်ရှိမှသာ ထောပတ်သီးများကို ခူးဆွတ်ခြင်းဖြင့် နိုင်ငံတကာ စျေးကွက်တွင် ယှဉ်ပြိုင်နိုင်မည့် ပထမတန်းစားထောပတ်သီးများကို ထုတ်လုပ်နိုင်မည် ဖြစ်ပါသည်။
ဒေါက်တာဝဏ္ဏထွန်း
ကိုးကားချက်
Dixon, J., Pak, H.A., Smith, D.B., Elmsly, T.A., Cutting, J.G.M. (2003). New Zealand avocado fruit quality: the impact of storage temperature and maturity. Proceedings of the V World Avocado Congress 2:647-652
Pedreschi, R., Uarrota, V., Fuentealba, C., Alvaro, J.E., Olmedo, P., Defilippi, B.G., Meneses, M., and Campos-Vargas, R. (2019). Primary Metabolism in Avocado Fruit. Front. Plant Sci., 26 June 2019. http://doi.org/10.3389/fpls.2019.00795
Whiley, A.W., Wolstenholme, B.N., Faber, B.A. (2013). Crop Management, In: Schaffer, B., Wolstenholme, B.N., Whiley, A.W. (Eds.), The Avocado: Botany, Production and Uses, CAB International, Wallingford, UK, pp. 343-379.