အရည်အသွေးကောင်းမွန် သည့် ထောပတ်သီးများအား မျိုးရွေးချယ်ခြင်းမှစ၍ ခူးဆွတ် သည်အထိစနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်စေရေး၊ ထောပတ်ပင်ကိုင်းကူးကိုင်းဆက်နည်းပညာများအား သိရှိနားလည်စေရေး တို့ကိုရည်ရွယ်၍ ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ထောပတ်သီးနှံစိုက်ပျိုးထုတ်လုပ်နည်းပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၁၀) ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့နယ်၊ ဖါလွိုင်ဗွေလွန်းကျောင်းတိုက်ရှိ ဓမ္မရုံ၌ ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်၊ ပြည်နယ်၊ ခရိုင် နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများဧည့်သည်တော်များ၊ သင်တန်းတက်ရောက် လေ့လာသူများ စုစုပေါင်း(၂၀၀) ဦး တက်ရောက် ကြသည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင် က အဖွင့်အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးတင်ဦး နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်နိုင်(စီမံကိန်းတာဝန်ခံ၊ VFDC) တို့က သင်တန်းပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ထောပတ်သီးနှံစိုက်ပျိုးထုတ်လုပ်နည်းပညာပေးသင်တန်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်နိုင် ကထောပတ်သီး စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာများအားလည်းကောင်း၊ ဦးစီးအရာရှိ ဒေါက်တာဝဏ္ဏထွန်း ကGAP ဖြင့် ထောပတ်သီးစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ထောပတ်သီးအရည်အသွေးထိန်းသိမ်းနိုင်မည့် ရိတ်သိမ်းချိန်လွန် နည်းပညာများအား ဆွေးနွေးပြောကြားကြသည်။
“ ရှမ်းပြည်နယ်အနေဖြင့် သစ်သီးဝလံ ဟင်းသီးဟင်းရွက် စသည့် သီးနှံစုံ စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ရေခံ မြေခံ ကောင်းသောအခြေအနေများရှိနေပြီး ဒေသထွက် စိုက်ပျိုးရေးထုတ်ကုန်များကို ပြည်တွင်းစျေးကွက် သို့ တင်ပို့ရောင်းချလျက်ရှိနေသော်လည်း အဆင့်မြင့် စိုက်ပျိုးထုတ်လုပ်မှုနည်းပညာများ အသုံးပြုနိုင်မှု နှင့် သီးနှံမျိုးကောင်းများ ရွေးချယ်စိုက်ပျိုးနိုင်မှုများ အားနည်းနေဆဲ ဖြစ်သည့်အတွက် အရည်အသွေးပိုင်းတွင် လိုအပ်ချက်များရှိနေသေးကြောင်း၊ ပြည်ပစျေးကွက်အထိ ဝင်ရောက်နိုင်ရေးအတွက် ဌာန၊ပုဂ္ဂလိကနှင့်တောင်သူတို့ ပိုမိုကြိုးစားကြရမှာဖြစ်ကြောင်း၊ “ နည်းပညာပိုင်းအရ ပြောရရင် ရိတ်သိမ်းချိန်လွန်နည်းပညာ အားနည်းတာတွေရှိနေပါတယ်။(ဥပမာ-ထောပတ်သီးများကို မရင့်မှည့်မီ ခူးဆွတ်လို့ အသီးအရည်အသွေး ကျဆင်းတာ ဖြစ်တတ်ပါတယ်) ဒီလိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဘို့ ရည်ရွယ်ပြီး ယခုသင်တန်းကို ကျင်းပရခြင်းဖြစ်ပါတယ်” ဟု ဒေါက်တာဝဏ္ဏထွန်း က ပြောသည်။
(၂) ရက်ကြာကျင်းပမည့် အဆိုပါသင်တန်း သို့ ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊တောင်ကြီးမြို့နယ်နှင့် ကျောက်တစ်လုံးကြီးမြို့ခွဲများမှ သင်တန်းသားဦးရေ (၁၇၃)ဦး တက်ရောက်ခဲ့ကြပြီးအရည်အသွေးကောင်းမွန် သည့် ထောပတ်သီးများအား မျိုးရွေးချယ်ခြင်း၊ ထောပတ်ပင်ကိုင်းကူးကိုင်းဆက်နည်း၊စိုက်ပျိုးထုတ်လုပ်နည်း၊ ဆွတ်ခူးနည်းစနစ်၊ရင့်မှည့်မှုရှိသည့် ထောပတ်သီးများကို ခူးဆွတ်ခြင်းဖြင့် အရည်အသွေးပြည့်ဝသည့် ထောပတ်သီးများရရှိနိုင်မှု၊ ရိတ်သိမ်းချိန်လွန်နည်းပညာများနှင့် GAP စိုက်ပျိုးနည်းများ စသည့်ထောပတ်သီးစိုက်ပျိုးထုတ်လုပ်နည်းစနစ်များကို တောင်သူများ စနစ်တကျပြည့်စုံစွာသိရှိသဖြင့် အရည်အသွေးကောင်းထောပတ်သီးများ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေးပညာရှင်များက ဆွေးနွေး ပို့ချပေးခဲ့ကြကြောင်းသိရသည်။