သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

သုတေသနပင်မစီမံချက် (Agricultural Research Master (ARM) Plan) ရေးဆွဲဆောင်ရွက်ရေး လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

သုတေသနပင်မစီမံချက် (ARM Plan) ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၉) နာရီအချိန်က စိုက်ပျိုးရေးသုတေသန ဦးစီးဌာနရှိ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနများမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများနှင့် တာဝန်ရှိသူများ၊ အကြံပေးပညာရှင် Dr. Han Roseboon နှင့် Dr. Duncan Boughton၊ သက်ဆိုင်ရာ ပညာရှင်များ တက်ရောက်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် သဘာဝသိပ္ပံဆိုင်ရာ နည်းပညာကော်မတီ၏ အတွင်းရေးမှူး၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း က စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် ကဏ္ဍပေါင်းစုံ ပါဝင်သော အာဟာရဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် (MS-NPAN) တွင် ဖော်ပြထားသော ကဏ္ဍအားလုံးပါဝင်သည့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းသည့် ရေရှည်တည်တံ့သော လယ်ယာကုန်ထုတ်လုပ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံ၍ အာဟာရ ပြည့်ဝစေပြီး၊ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွါးဘဝ မြင့်မားစေရန်နှင့် နိုင်ငံ့စီးပွါးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသား၊ ငါးကဏ္ဍတို့နှင့်သက်ဆိုင်သည့် သုတေသန နှင့် တိုးချဲ့ပညာပေးဆောင်ရွက်မှု စွမ်းဆောင်ရည်တိုးတက်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သဘာဝ သိပ္ပံဆိုင်ရာ နည်းပညာကော်မတီ (National Agricultural Livestock and Natural Resource- NALNR Committee) ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် နည်းပညာလုပ်ငန်းအဖွဲ့ (၇) ဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ သုတေသန ပင်မစီမံချက် (Agricultural Research Master – ARM Plan) လမ်းပြမြေပုံ (Road Map) ကို ရေးဆွဲရာတွင် ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် နည်းပညာလုပ်ငန်းအဖွဲ့ (၇)ဖွဲ့မှ လုပ်ငန်းတာဝန်များကို ဆွေးနွေးညှိနှိုင်း ဆောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း နှင့် သက်ဆိုင်ရာ ဌာနအကြီးအကဲများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သဘာဝသိပ္ပံဆိုင်ရာ နည်းပညာ ကော်မတီ အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များအနေဖြင့် သုတေသန ပင်မစီမံချက်အတွက် ရှုထောင့်ပေါင်းစုံမှ အကြံပြုဆွေးနွေး၍ အကျိုးထိရောက်သည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပညာရှင်များက သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် နည်းပညာကော်မတီအလိုက် တာဝန်နှင့် ဝတ္တရားများ (Term of Reference)၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန် သက်မှတ်ချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်းသည်များအား ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သတင်းရရှိသည်။