သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် အရန်ဆန် သိုလှောင်ထားရှိမှုစစ်ဆေး

  

သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်ပါက ထိခိုက်နစ်နာသော ပြည်သူများအား ထောက်ပံ့နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး သန်လျင် သိုလှောင်ရုံ၌ အာဆီယံအပေါင်း-၃ အရေးပေါ်အရန်ဆန် ထိန်းသိမ်းသိုလှောင်ထားမှုများကို စက်တင်ဘာလ ၉ရက်နေ့ နံနက် ပိုင်းက APTERR အတွင်းရေးမှူးအကြီးအကဲ Mr. Champithiya ၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး ကြသည်။

မြန်မာနိုင်ငံသည် အာဆီယံအပေါင်း-၃ အရေးပေါ်အရန်ဆန်ရိက္ခာအဖွဲ့၏ အဖွဲ့ဝင် နိုင်ငံဖြစ်ပြီး အာဆီယံ(၁၀)နိုင်ငံနှင့် ဂျပန်၊ ကိုရီးယား၊ တရုတ် အပေါင်း-၃ နိုင်ငံများဖြင့် ဖွဲ့စည်းထူထောင်ထားသော အာဆီယံအပေါင်း-၃ အရေးပေါ်အရန်ဆန်ရိက္ခာအဖွဲ့၏ အဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့် အညီ မြန်မာနိုင်ငံ၌ နှစ်စဉ်ကြုံတွေ့ရသည့် ထိခိုက်နစ်နာသော ပြည်သူများအား ထောက်ပံ့နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ APTERR အတွင်းရေးမှူးချုပ်ရုံးနှင့် ဆက်သွယ်၍ Tier-3 အစီအစဉ်အရ ဂျပန် နှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ လှူဒါန်းထောက်ပံ့ သည့် ဆန်များကို ဆက်သွယ်လျှောက်ထားခဲ့ရာ ယခုနှစ်တွင် ဂျပန်နိုင်ငံမှ ဆန်တန်ချိန်(၃၀၀)၊ ကိုရီးယား သမ္မတနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)အား အရန်ဆန်အဖြစ် သိုလှောင်ရန်ရရှိခဲ့ခြင်းဖြစ် သည်။

ကိုရီးယားသမ္မတနိုင်ငံမှရရှိသော အရန်ဆန်တန်ချိန်(၅၀၀)ကို ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် ဂိုဒေါင်တွင် စနစ်တကျ သိုလှောင် ထားရှိမှုကို  တာဝန်ရှိသူများက စစ်ဆေးကြည့်ရှုခြင်းဖြစ်ကြောင်း သတင်းရရှိသည်။