သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဂျပန်နိုင်ငံမှ ပေးပို့လှူဒါန်းသည့် အရန်ဆန်များရောက်ရှိမှုစစ်ဆေး

         မြန်မာနိုင်ငံသည် အာဆီယံအပေါင်း-၃ အရေးပေါ်အရန်ဆန်ရိက္ခာအဖွဲ့၏ အဖွဲ့ဝင် နိုင်ငံဖြစ်ပြီး အာဆီယံ(၁၀)နိုင်ငံနှင့် ဂျပန်၊ ကိုရီးယား၊ တရုတ် အပေါင်း-၃ နိုင်ငံများဖြင့် ဖွဲ့စည်းထူထောင်ထားသော အာဆီယံအပေါင်း-၃ အရေးပေါ်အရန်ဆန်ရိက္ခာအဖွဲ့၏ အဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့် အညီ မြန်မာနိုင်ငံ၌ နှစ်စဉ်ကြုံတွေ့ရသည့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်ပါက ထိခိုက်နစ်နာသောပြည်သူများအား ထောက်ပံ့နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ APTERR အတွင်းရေးမှူးချုပ်ရုံးနှင့် ဆက်သွယ်၍ Tier-3 အစီအစဉ်အရ ဂျပန် နှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ လှူဒါန်းထောက်ပံ့ သည့် ဆန်များကို ဆက်သွယ်လျှောက်ထားခဲ့ရာ ယခုနှစ်တွင် ဂျပန်နိုင်ငံမှ ဆန်တန်ချိန်(၃၀၀)၊ ကိုရီးယားသမ္မတနိုင်ငံမှ ဆန်တန်ချိန်(၅၀၀)အား အရန်ဆန်အဖြစ် သိုလှောင်ရန်ရရှိခဲ့ပါသည်။

ကိုရီးယားသမ္မတနိုင်ငံမှရရှိသော ဆန်တန်ချိန် (၅၀၀)ကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် ဂိုဒေါင်တွင် စနစ်တကျ သိုလှောင် ထားရှိပြီး ဂျပန်နိုင်ငံမှ လှူဒါန်းသော ဆန်တန်ချိန် (၃၀၀) သည် (၃-၈-၂၀၁၉) ရက်နေ့က ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ထုတ်ယူကာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် ဆန်သိုလှောင်ရုံသို့ သယ်ယူခဲ့ရာ အဆိုပါဆန်များ (၉-၈-၂၀၁၉) ရက်နေ့တွင် ရောက်ရှိ၍ ကွန်တိန်နာများမှ ထုတ်ယူသိုလှောင်နေမှုကို စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို၊ ညွှန်ကြားရေးမှူး ဦးကိုကိုကြီးနှင့် တာဝန်ရှိသူများမှ ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။