သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဂျပန်နိုင်ငံမှ အရေးပေါ်အရန်ဆန် ရိက္ခာ မက်ထရစ်တန် ၃၀၀ လွှဲပြောင်း  ပေးအပ်

အာဆီယံအပေါင်း-၃ အရေးပေါ်အရန်ဆန်ရိက္ခာအဖွဲ့ APTERR ၏ Tier-3 အစီအစဉ်အရ ဂျပန်နိုင်ငံမှ ပေးပို့လှူဒါန်းသော အရန်ဆန် မက်ထရစ်တန် ၃၀၀ လွှဲပြောင်း  ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၃၀ ရက် ညနေပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရှိ အဆင့်မြင့်ဆန်စက်(RPC) ၌ ကျင်းပပြုလုပ်ရာ ဂျပန်နိုင်ငံ အလှူရှင် ကိုယ်စား Mr.Takaya Komine နှင့် အဖွဲ့က လွှဲပြောင်းပေးအပ်ပြီး  စိုက်ပျိုးရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် တာဝန်ရှိ သူများက လက်ခံရယူသည်။

အာဆီယံ(၁၀)နိုင်ငံနှင့် ဂျပန်၊ ကိုရီးယား၊ တရုတ် အပေါင်း-၃ နိုင်ငံများဖြင့် ဖွဲ့စည်း ထူထောင်ထားသော အာဆီယံအပေါင်း-၃ အရေးပေါ်အရန်ဆန်ရိက္ခာအဖွဲ့ APTERR ၏ အဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့် အညီ မြန်မာနိုင်ငံ၌ နှစ်စဉ်ကြုံတွေ့ရသည့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်ပါက ထိခိုက်နစ်နာသောပြည်သူများအား ထောက်ပံ့နိုင်ရန်  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန မှ APTERR အတွင်းရေးမှူးချုပ်ရုံးနှင့် Tier-3 အစီအစဉ်အရ ဆက်သွယ်၍ ဂျပန် နှင့် ကိုရီးယား သမ္မတနိုင်ငံ တို့မှ လှူဒါန်းထောက်ပံ့သည့် ဆန်များကို ဆက်သွယ် လျှောက်ထားခဲ့ရာ ဂျပန်နိုင်ငံမှ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဆန်တန်ချိန် ၅၀၀ ကို လှူဒါန်းခဲ့ပြီး ၊ ယခု ဒုတိယ အကြိမ်အဖြစ် ဆန်တန်ချိန်(၃၀၀)ကို အရေးပေါ်အရန်ဆန် ရိက္ခာအဖြစ် ပေးပို့ လှူဒါန်းခြင်း ဖြစ်သည်။

အဆိုပါဆန်များအား သဘာဝဘေးထိခိုက်ခဲ့သည့် ဒေသများနှင့်အခြားအရေးပေါ် ဆန်လိုအပ်ချက် ရှိသော ဒေသများသို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။