သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ကျေးလက်လုံမေများ ကောက်စိုက်စက်ဖြင့် ကောက်စိုက်ကြတော့မည်

လယ်ယာသုံးစက်ကိရိယာတွေအသုံးချမှုသည်  တစ်နေ့တခြားများပြားလာသည်နှင့်အမျှ စနစ်တကျကိုင်တွယ်မောင်းနှင်တတ်ရန်၊ ချို့ယွင်းမှုဖြစ်ပေါ်ပါက ကိုယ်တိုင် ပြင်ဆင်တတ်စေရန်၊ ကျေးလက်နေမိသားစုဝင်များ၊ တောင်သူလယ်သမား မိသားစုဝင်များအား ဦးစားပေး သင်ကြား ပေးနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

လယ်ယာသုံးစက်ကိရိယာ မောင်းနှင် ကိုင်တွယ် ပြုပြင်ထိန်းသိမ်းနည်းများကို တောင်သူ လယ်သမားများ ယင်းတို့၏ မိသားစုဝင်များ အကျွမ်းတဝင် တတ်မြောက် သုံးစွဲနိုင်စေရန် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် မိတ္ထီလာသင်တန်းကျောင်း၊  ပဲခူးဘုရားကြီး စက်မှုလယ်ယာ သင်တန်းကျောင်း၊ ရေဆင်း စက်မှုလယ်ယာသင်တန်းကျောင်း စသည့် သင်တန်းကျောင်းများ၌ သင်တန်းကာလ (၂)လ ဖြင့် ပို့ချပေးလျက်ရှိသော်လည်း သင်တန်းကာလသည် လယ်သမားများ၏ လုပ်ငန်းခွင်အချိန်များမှ ခွဲထုတ်ပေးနေကြရမှုကြောင့် အချို့ တောင်သူ မိသားစုများအတွက် သင်တန်းတက်ရောက်ရန် အခက်အခဲများဖြစ်ပေါ်နေသဖြင့် စက်မှုလယ်ယာ စခန်းများရှိသည့် မြို့/ရွာ များတွင် ကျေးရွာအလိုက် ရက်တိုသင်တန်းများကို ပို့ချပေးလျက်ရှိသည်။

လယ်ယာသုံးစက်ကိရိယာအသုံးပြုမှုကို ကျွမ်းဝင်မှုရှိစေပြီး ကျေးလက်လုံမေများ  အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် နှင့် စွမ်းဆောင်နိုင်မှု မြှင့်တင်ပေးရန် တို့အတွက် အမျိုးသမီးများ ကောက်စိုက်စက် မောင်းနှင် ထိန်းသိမ်းမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက် နံနက် ၉ နာရီက နေပြည်တော် ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ် ပေါစံခေါကျေးရွာ စိုက်ပျိုးရေးအသိပညာပေးစင်တာ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် ၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင် ၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးခွန်အေးနိုင် နှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် နေပြည်တော်ကောင်စီဝင် က အဖွင့်အမှာစကားပြောကြားပြီး၊ ညွှန်ကြားရေးမှူးချုပ် က သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် က သင်ထောက်ကူပစ္စည်းများပေးအပ်ရာ သင်တန်းသူ တစ်ဦးက လက်ခံရယူခဲ့သည်။

သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ် က ပြောကြားရာတွင် “လယ်ယာသုံးစက်ကိရိယာသင်တန်းများကို များသောအားဖြင့် အမျိုးသားများကိုသာ သင်တန်း ပို့ချလေ့ရှိပြီး ဒီနေ့မှာတော့ ထူးထူးခြားခြား အမျိုးသမီး သင်တန်းဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စက်မှုလယ်ယာဦးစီးဌာနအနေနဲ့ အရင်တုန်းက စက်ကိရိယာကြီးတွေကို ကိုင်တွယ် မောင်းနှင်ဖို့ဆိုတာ အမျိုးသားတွေနဲ့ပဲ သင့်တော်တယ် ကြီးမားတဲ့စက်ကိရိယာတွေကို အမျိုးသားတွေပဲ မောင်းနှင်ခဲ့တယ်ဆိုတာ အားလုံးလဲသိပါတယ်။

ယခုကောက်စိုက်စက်က မြင်းကောင်ရေအား အရမ်းမများတဲ့အတွက် ပေါ့ပေါ့ပါးပါးဖြစ်လို့ အမျိုးသမီးလုပ်အား နှင့် ကိုက်ညီမှုရှိသော်လည်း၊ ကောက်စိုက်စက်နဲ့ စိုက်တဲ့လုပ်ငန်းရပ်ကို တောင်သူလက်မခံခင် ကာလမှာ ဒီသင်တန်းကိုသွားလုပ်လိုက်ရင် အောင်မြင်မှာမဟုတ်တဲ့ အတွက် အချိန်အခါ တစ်ခုထိစောင့်ခဲ့ရပါတယ်။

ယခု သင်တန်းသူ အများစုဟာ အရင်တုန်းက အငှားကောက်စိုက်တဲ့သူများဖြစ်လို့ ကောက်စိုက်တဲ့ လုပ်ငန်းရပ်မှာ ကျွမ်းကျွမ်းကျင်ကျင်ရှိပြီးဖြစ်ပါတယ်။ တဆက်တည်းမှာဘဲ ပျိုးထောင်တဲ့လုပ်ငန်းရပ်ပါ သင်ကြားပေးသွားမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း စိတ်ဝင်စားတဲ့ အမျိုးသမီးတွေကို ကောက်စိုက်စက်အပါအဝင် ပေါ့ပါးတဲ့ လယ်ယာသုံး စက်ကိရိယာ မောင်းနှင် ထိန်းသိမ်းပြုပြင်နည်းတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

ယခုဖွင့်လှစ်သော လယ်ယာသုံးစက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု အခြေခံသင်တန်း (ကောက်စိုက်စက်)သင်တန်းကို ပျဉ်းမနားမြို့နယ် ပေါစံခေါကျေးရွာ နှင့် အနီးဝန်းကျင် ကျေးရွာ များမှ သင်တန်းသူ ၃၀ ဦး တို့ တက်ရောက်လေ့လာသင်ယူလျက်ရှိပြီး သင်တန်းကာလမှာ ၂ ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။