ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်း(AIIP) ဦးဆောင်မှုကော်မတီ ၏ ဒုတိယအကြိမ်စီမံကိန်း အစည်းအဝေး ကျင်းပ။

စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်း(Agriculture Income Improvement Project- AIIP) ဦးဆောင်မှုကော်မတီ ၏ ဒုတိယအကြိမ်စီမံကိန်း အစည်းအဝေးကို ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက နေပြည်တော်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေး သို့  ဒုတိယဝန်ကြီး ဦးလှကျော် ၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ၊ ကော်မတီအဖွဲ့ဝင်များ စုံညီစွာ တက် ရောက်ကြသည်။

ဒုတိယဝန်ကြီး က အဖွင့်အမှာစကား ပြောကြားရာတွင် AIIP စီမံကိန်းသည် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)နှင့်အတူ ပူးပေါင်း၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်ကာ လုပ်ငန်းဆောင်ရွက်လျက် ရှိပြီး နှစ်အလိုက် စီမံကိန်းလျာထားရန်ပုံငွေကို ညှိနှိုင်း ဆောင်ရွက်၍ အနီးစပ်ဆုံးလျာထားငွေဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုအကျိုးစီးပွားထိခိုက်နိုင်မှု အနည်းဆုံးဖြစ်ရေးနှင့် ဒေသနေ တောင်သူ လယ်သမားများ၏ စိုက်ပျိုးရေး ဝင်ငွေ တိုးတက်ရေးကို စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်ကြမည့် ဌာနများအချင်းချင်း စီမံကိန်းအောင်မြင်နိုင်ရေး အတွက် ဟန်ချက်ညီညီ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ နှင့် အစည်းအဝေးတက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များ က စီမံကိန်း လုပ်ငန်းဆိုင်ရာများဆွေးနွေးကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၌ စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေးစီမံကိန်း (Agriculture Income Improvement Project – AIIP)ကို ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောက်ရွက်ရေး အေဂျင်စီ (JICA)နှင့် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးပညာပေးရေးဌာနခွဲတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး စီမံကိန်းကာလမှာ ၂၀၁၈-၂၀၁၉ မှ ၂၀၂၄-၂၀၂၅ ထိ စီမံကိန်းကာလ (၇)နှစ် ဖြစ်သည်။ ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း နှင့် ကန့်ဘလူခရိုင် ကန့်ဘလူမြို့၊ မုံရွာခရိုင် ဘုတလင်နှင့် အရာတော်မြို့နယ် စသည်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ စီမံကိန်းအရ စိုက်ပျိုးပညာပေးရေးကဏ္ဍအား မြှင့်တင်ခြင်း၊ တိုးချဲ့ပညာပေးရေး စခန်း နှင့် မြို့နယ်ရုံးများ အဆင့်မြှင့်တင်ခြင်းနှင့် တည်ဆောက်ခြင်း ၊ စိုက်ပျိုးပညာပေးခြင်းနှင့် စျေးကွက်စွမ်းအားမြှင့်တင်ခြင်းလုပ်ငန်းများကို အဓိကထား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။