စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် ဥရောပသမဂ္ဂဆိုင်ရာ ကုန်သည်ကြီးများအသင်း EURO Cham တို့ ပူးပေါင်းကျင်းပသည့် Agribusiness Forum 2019 ကို ဒီဇင်ဘာလ ၁၂ ရက် နံနက်ပိုင်းတွင် နေပြည်တော် M-Gallery Hotel ၌ ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်၍ အဖွင့် အမှာစကားပြောကြား သည်။
အခမ်းအနားသို့ တိုင်းဒသကြီး ပြည်နယ်များမှ စိုက်ပျိုးမွေးမြူရေးဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဥရောပသမဂ္ဂ
ဆိုင်ရာ ကုန်သည်ကြီးများအသင်း EURO Cham ၏ အမှုဆောင် ဒါရိုက်တာ ဖြစ်သူ Marc de la Founchardiere ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ International Labour Organization–ILO, စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း The Organisation for Economic Co-operation and Development-OECD နှင့် ပြည်တွင်း ပြည်ပ မိတ်ဘက်အဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြပြီး Euro Cham ၏ အမှုဆောင်ဒါရိုက်တာ Marc de la Founchardiere က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
Agribusiness Forum 2019 ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အဖွင့်အမှာစကားပြောကြားရာ၌ လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည့် မြန်မာနိုင်ငံအနေဖြင့် တောင်သူများ ဝင်ငွေတိုးတက်ရေးသည် နိုင်ငံစီးပွားဖွံ့ဖြိုးရေးကို တိုက်ရိုက်အချိုးကျ ပတ်သက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝရေမြေရာသီဥတုအရ စိုက်ပျိုးမြေ ဧရိယာများစွာ ရှိသော်လည်း လက်ရှိ အသုံးချ စိုက်ပျိုးမှုဧရိယာ မှာ နည်းပါးလျက်ရှိ နေသေးသည်ကို တွေ့ရမှာဖြစ်ကြောင်း၊
အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် လယ်ယာ ထွက်ကုန်သီးနှံများ ၊ ရေထွက်ပစ္စည်း နှင့် အသားငါးများ ကို စျေးကွက်ဝယ်လိုအားနှင့်တိုက်ဆိုင်၍ တိုးတက်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက် ရှိပြီး တစ်ဖက်တွင်လည်း ပြည်တွင်း/ ပြည်ပနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပါဝင် ပူးပေါင်းဆောင်ရွက်လာစေရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍတွင် ယှဉ်ပြိုင်မှုအားကောင်း လာခြင်း နှင့်အတူ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများ၊ ဌာနဆိုင်ရာ မူဝါဒများချမှတ် ဆောင်ရွက်ခြင်း ၊ စိုက်ပျိုးသီးနှံများ အရည် သွေးနှင့်စံချိန်စံညွှန်းပြည့်ဝရေးအတွက် ကောင်းမွန်သော စိုက်ပျိုးရေးကျင့်စဉ် (GAP) ၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် (GAHP) ၊
ကောင်းမွန်သော ရေသတ္တဝါမေွးမြူရေး ကျင့်စဉ်(GAqP)၊ ကောင်းမွန်သော ထုတ်လုပ်ရေးကျင့်စဉ်(GMP)တို့ကို လိုက်နာဆောင်ရွက်ပြီး ကမ္ဘာ့စျေးကွက်သို့ ထိုးဖောက် ယှဉ်ပြိုင်ဆောင်ရွက်နိုင်ရေးကို မိမိတို့ဝန်ကြီးဌာနမှ အလေးထား လုပ်ဆောင်နေကြောင်း၊ စက်မှုလယ်ယာဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆည်မြောင်း ကဏ္ဍ စသည်တို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်အတူ ပူးပေါင်းဆောင်ရွက်သည့် ကုမ္ပဏီများ အနေဖြင့် နည်းပညာပညာ၊ ဗဟုသုတများ၊ အတွေ့အကြုံများစွာ ရရှိဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ ယခုဖိုရမ်မှ နည်းပညာ အတွေ့အကြုံဆိုင်ရာ ဗဟုသတများ ကောင်းမွန်သည့် လုပ်ငန်းစဉ်များကို မျှဝေဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူများအတွက် ပိုမိုကောင်းမွန်သည့် လူမှုစီးပွားဘဝကို ပေးစွမ်းနိုင်မည် ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နှင့် ဥရောပ သမဂ္ဂဆိုင်ရာ ကုန်သည်ကြီးများအသင်း EURO Cham တို့ ပူးပေါင်းကျင်းပသည့် Agribusiness Forum 2019 အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အထိမ်းအမှတ်မောင်းတီး၍ ဖွင့်လှစ်ပေးသည်။
ဖိုရမ် တွင် စိုက်ပျိုးရေးကဏ္ဍကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေရေး ဘုံရည်မှန်းချက်ထားရှိကာ စကားဝိုင်းဆွေးနွေးပွဲ၊ စားပွဲဝိုင်းဆေွးနွေးပွဲများ ပါဝင် မည်ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးဆိုင်ရာလုပ်ငန်းများတွင် ပိုမိုကောင်းမွန်သည့် အလေ့ အကျင့်နှင့် စံနှုန်းများ ရေရှည်ဖွံ့ဖြိုးလာစေရေး ၊ စားသောက် ကုန်သီးနှံများ ဘေးကင်းလုံခြုံရေး၊ ပို့ကုန် သွင်းကုန်ဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ မြေယာ အသုံးချမှုမှန်ကန်ရေး၊ စိုက်ပျိုးရေး လုပ်ငန်းစဉ်တစ်လျှောက် ထိန်းညှိ ဆောင်ရွက်ရေး၊ လယ်သမားများအတွက် ချေးငွေပိုမိုရရှိရေး၊ နည်းပညာဆိုင်ရာများတွင် မြင်သာ ထင်သာရှိသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေး တို့ကို ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်သည်။