သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ACIAR ထောက်ပံမှု အစီအစဉ်ဖြင့် စပါး- ငါးစနစ်များ ဖွံ့ဖြိုး တိုးတက်ရေး သုတေသနစီမံကိန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို IRRI နှင့် DAR တို့ ဆွေးနွေး

သြစတြေးလျနိုင်ငံ ACIAR မှ ထောက်ပံမှု အစီအစဉ်ဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် စပါး-ငါးစနစ်များဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အပြည်ပြည်ဆိုင်ရာဆန်စပါး သုတေသနဌာန(IRRI)မှ တာဝန်ရှိသူများအဖွဲ့သည် မေလ (၂၇)ရက်နေ့ နေ့လည်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း နှင့် တာဝန်ရှိသူများအား စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

တွေ့ဆုံရာတွင် ညွှန်ကြားရေးမှူးချုပ် နှင့်အတူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်လွင်ဦး ၊ စပါး-ငါးစနစ်များ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း တာဝန်ခံ ဒေါ်ဝင်းသီတာဦး နှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန (IRRI) မှ Dr.Grant Singleton ( Principle Scientist), Dr.Alex Stuart ( Senior Scientist) နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စီမံကိန်းဧရိယာများဖြစ်သည့် လက်ပံတန်း၊ မြောင်းမြ၊ မအူပင်မြို့နယ်များတွင် ယခင်နှစ်က ဆောင်ရွက်ခဲ့သည့် သုတေသန ရလဒ်အခြေအနေများကိုလည်းကောင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် စီမံကိန်း ဧရိယာအတွင်း စိုက်ပျိုးရန်သင့်တော်သည့် စပါးမျိုးဖြစ်သော ဆင်းသု ခစပါးမျိုးသည် စျေးကွက်ရှိ၍ အပင်ယိုင်လဲမှုဒဏ်ခံနိုင် သော ကြောင့် ယခုနှစ် မိုးရာသီတွင် ထည့်သွင်းစိုက်ပျိုးရန် သင့်တော်မှုအခြေအနေများ ကိုလည်းကောင်း၊ နေပြည်တော်တွင် စပါး- ငါးစနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးသုတေသနဦးစီးဌာန မှ သုတေသနပြုလုပ်ရန် သင့်တော်သည့် စိုက်ကွင်းနေရာ နှင့် လိုအပ်သည့် မှတ်တမ်းကောက်ယူမှုများကို ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြောင်းတို့ကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် စီမံကိန်း တာဝန်ခံ ဒေါ်ဝင်းသီတာဦး နှင့် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန (IRRI) မှ တာဝန်ရှိသူများသည် သုတေသန ပြုလုပ်ဆောင်ရွက် မည့် စိုက်ကွင်းနေရာများအား ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။