ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မကွေးတိုင်းဒေသကြီး ၌ စိုက်ပျိုးမွေးမြူရေးငန်းများ ဖွံ့ဖြိုးရေး ကွင်းဆင်း ဆောင်ရွက်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် မကွေးတိုင်းဒေသကြီး စိုက်/မွေး/ဆည်ဝန်ကြီး ဦးဝင်းမော်ဌေး နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ နိုဝင်ဘာလ ၉ရက် နေ့လယ်ပိုင်းတွင် ရေစကြိုမြို့နယ် ကြက်ဆူကျင်း ကျေးရွာ သို့ရောက်ရှိကြပြီး ရွှေဟင်္သာ ကုမ္ပဏီက ထန်းသကြားထုတ် လုပ်ငန်းအတွက် အကြိုလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ရှင်မတောင်ဒေသအတွက် သန့်ရှင်းသောသောက်သုံးရေရရှိရေး ၊ ဝင်ငွေရ သီးနှံပြောင်းလဲစိုက်ပျိုးရေးနှင့် အစားအစာ ဘေးကင်းလုံခြုံသော စံချိန်မီ ကုန်ချော ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေစကြိုမြို့နယ် သဲပုံ(အရှေ့ရွာ) တွင် ရန်ကုန်စက်မှုတက္ကသိုလ် ၈၃ ကျောင်းသားဟောင်းများအဖွဲ့ ၏ စုပေါင်း လှူဒါန်းငွေ ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ၏ လုပ်အားဒါန တို့ဖြင့် ၄လက်မ စက်ရေတွင်း ရေတင်စက်ရုံနှင့် ရေစုကန်များကို ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက အိမ်ထောင်စု ၁၁၇ စု၊ကျေးရွာသူကျေးရွာသား ၅၈၉ဦးတို့ အတွက် သောက်သုံးရေ ဖူလုံစွာ ရရှိသုံးစွဲနေမှုကိုရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီး က စက်ရေတွင်းနှင့် ဆက်စပ် အဆောက် အအုံများ ရေရှည်အကျိုးရှိစွာ အသုံးပြု နိုင်ရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် တိုင်း ဒေသကြီးဝန်ကြီးတို့သည် ရေစကြိုမြို့ ရွှေဟင်္သာ ထန်းမှုန့်စက်ရုံသို့ ရောက်ရှိကြပြီး ထန်းမှုန့်ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေး ကြသည်။ အော်ဂဲနစ်ထုတ်ကုန်များအား အလေးထား အသုံးပြု လာလျက်ရှိနေသည့် ပြည်ပ စျေးကွက် တွင် မြန်မာ့ထန်း ထွက်ကုန် တစ်ခုဖြစ်သည့် ထန်းမှုန့်သည် စျေးကွက်ဝင်လျက်ရှိပြီး နိုင်ငံခြား ငွေ ရှာ ဖွေ ရန် အလား အလာ ကောင်း သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

ညနေပိုင်းတွင် တောင်စင် ဆိတ်မွေးမြူရေး စံပြရွာရှိ ပုဂ္ဂလိက သိုး ဆိတ် မွေးမြူရေး ခြံများအားကြည့်ရှုအားပေးပြီး အောင်ဓမ္မသုခတိုက်ကျောင်း ဓမ္မာရုံတွင် ဒေသခံ သိုး ဆိတ်မွေးမြူရေးတောင်သူများ၊ သိုး ဆိတ်မွေးမြူထုတ်လုပ် ကုမ္ပဏီများ နှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီး က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ၏  ဆောင်ရွက် ချက်များ၊ တောင်သူလယ်သမားအကျိုးစီးပွား ဖြစ်ထွန်း စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ အား ရှင်းလင်းပြောကြားပြီး အစားအစာ ဘေးကင်းလုံခြုံမှုနှင့် စျေးကွက် အကျိုးဖြစ်ထွန်း စေရေးအတွက် ကောင်းမွန် သော မွေးမြူရေးကျင့်စဉ် (Good Animal Husbandry Practice – GAHP) လိုက်နာကျင့်သုံးရန်လိုအပ်ချက်များ၊ မြေယာ အသုံးပြုခွင့် အပါအဝင် သတ်မှတ် ပြဌာန်းထားသည့် ဥပဒေ နည်းဥပဒေများ နှင့် အညီလိုက်နာ ဆောင်ရွက် ကြရန် ၊ ကုန်ချောအဆင့်အထိ ထုတ်လုပ်မှုလုပ်ငန်းစဉ် အပြည့်အဝ ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းရန် နှင့်  လုပ်ကွက်ငယ် တောင်သူများ နှင့် လုပ်ငန်းရှင်တို့ အကြား မျှတသော အကျိုးအမြတ်ခွဲဝေခံစားမှု ရှိရန် လိုအပ် ချက်များ၊ အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့ သော လယ်ယာကုန်ထုတ်မှု စနစ် ထွန်းကားလာစေရေးအတွက် တောင်သူများ၊ ကုမ္ပဏီများ ညီညွတ်စွာပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များ ကိုဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် ကောင်းမွန် သော မွေးမြူရေး ကျင့်စဉ် (GAHP) လိုက်နာကျင့်သုံးရန်လိုအပ်ချက်များ ကို လည်းကောင်း၊

အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင် က တပိုင်တနိုင် အသေးစား စက်မှုလက်မှု လုပ်ငန်း များ ထူထောင် လုပ်ကိုင်ရေး ဆိုင်ရာများကို လည်းကောင်း ရှင်းလင်းပြော ကြားကြပြီး တောင်သူများ ၏ လိုအပ်ချက် အခက်အခဲ နှင့် သိရှိလိုသည်များ မေးမြန်းတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအတွင်း ရှိ သဘာဝဘေးသင့် တောင်သူများ အား ကူညီထောက်ပံ့ရန် တိရစ္ဆာန်ကုသဆေးဝါး(၁၂)မျိုးပါ ၂၅၀ထုပ် ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကပေးအပ်ရာ မကွေးတိုင်းဒေသကြီး စိုက်/မွေး/ဆည်ဝန်ကြီး ဦးဝင်းမော်ဌေး က လက်ခံရယူသည်။