မျိုးကောင်း၊ မျိုးသန့်များစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှု ကိုခံနိုင်ရည်ရှိသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာရေးထိုးခြင်းအခမ်းအနားကို ဇန်နဝါရီလ ၉ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ် ၁၅ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ညွှန်ကြားရေးမှူးများ ၊ Action Aid Myanmar မှ တာဝန်ရှိသူများတက်ရောက်ကြသည်။
၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှ ၂၀၂၂ ဇန်နဝါရီလ ၈ ရက်နေ့အထိ ၃ နှစ်တာဆောင်ရွက်မည့် မျိုးကောင်း၊ မျိုးသန့်များစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ရာသီဥတု ပြောင်းလဲမှု ကိုခံနိုင်ရည်ရှိသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်ရေး နားလည်မှုစာခွှန်လွှာတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် Action Aid Myanmar မှ Country Director Mrs. Araddhya MEHTTA တို့ လက်မှတ်ရေးထိုး ကြသည်။
Action Aid Myanmar မှ အမေရိကန်ဒေါ်လာ (၂.၅၃၇)သန်း ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်မည့် အဆိုပါစီမံကိန်းကို အပူပိုင်းဒေသများဖြစ်သည့် မိတ္ထီလာ၊ သာစည်၊ မြိုင်- ကမ္မ၊ ပခုက္ကူ နှင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ဖျာပုံ၊ ပုသိမ်နှင့် ငပုတော မြို့နယ် တို့၌ ဆောင်ရွက်သွားမည်ဖြစ်သည်။
အပူပိုင်းဇုံဒေသတွင် စိုက်ပျိုးရေ လုံလောက်စွာရရှိရေးနှင့် မြေဆီလွှာထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှု စွမ်းရည်နှင့် သီးနှံအမည်သစ်များ တိုးချဲ့ စိုက်ပျိုးမှုစွမ်းရည် တိုးတက်ရန် ဆောင်ရွက်ခြင်း၊ ဂျီအေပီဆိုင်ရာ နည်းပညာများ အသိပညာပေးခြင်း၊ ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်သော သီးနှံပုံစံနှင့် လိုက်လျော ညီထွေ ရှိသည့် လက်တွေ့စိုက်ပျိုးရေး နည်းစနစ်များကို ဆောင်ရွက်ခြင်း၊ သုတေသန ပြုခြင်း စသည့်လုပ်ငန်းများပါဝင်မည်ဖြစ်ကာ မြစ်ဝကျွန်းပေါ်ဒေသတွင်ဆောင်ရွက်မည့် လုပ်ငန်းများ၌ သောက်ရေကန်များပြန်လည်ပြုပြင်ခြင်းနှင့် ကျေးရွာချင်းဆက် လမ်းများ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကိုယ့်အားကိုယ်ကိုး လယ်သမား အုပ်စုများ၊ အမျိုးသမီးအစုအဖွဲ့များ အား ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တည်တံ့ဖွံ့ဖြိုးစေရန် နှင့် လည်ပတ် မ,တည် ရန်ပုံငွေများအား စနစ်တကျ စီမံခန့်ခွဲခြင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် အခြေခံစွမ်းရည်
မြှင့်တင်ပေးခြင်း၊ ကောင်းမွန်သော စိုက်ပျိုးရေးကျင့်သုံးမှုများ (GAP) နည်းပညာများ အသိပညာပေးခြင်း၊ သဘာဝဘေး အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ကာကွယ်ရေး ဆိုင်ရာ အခြေခံအရည်အသွေး မြှင့်တင်ပေးခြင်း စသည်တို့ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ActionAid သည် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်ပြီး တောင်အာဖရိကနိုင်ငံတွင် ရုံးချုပ်တည်ထောင်ထားကာ ကမ္ဘာ့နိုင်ငံ (၅၀) ခန့်တွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိသည်။ ကမ္ဘာ့ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ ဆင်းရဲနွမ်းပါးသူ ကျေးလက်ပြည်သူ (၂၅)သန်းခန့်အား ဖွံ့ဖြိုးရေး အကူအညီပေးလျက်ရှိသည်။ မြန်မာနိုင်ငံ တွင် (၂၀၀၇) ခုနှစ်၌ စတင်တည်ထောင်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အထူးသဖြင့် (၂၀၀၈) ခုနှစ်၊ နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီ တိုင်းဒေသကြီး အတွင်း ရှိ မြို့နယ်များနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဂီရိမုန်တိုင်းဒဏ်ခံဒေသများသို့ အရေးပေါ် ထောက်ပံ့ကူညီမှုများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကူညီဆောင်ရွက်လျက်ရှိသည်။