ပြည်ထောင်စုအဆင့်သတင်း

အိမ်ခြံဝင်း ဥယျာဉ်စိုက်ပျိုးရေး ဟင်းသီးဟင်းရွက် မျိုးစေ့ ပျိုးပင်များ ထောက်ပံ့ပေးအပ်

နိုင်ငံ့ဝန်ထမ်းမိသားစုများ၏ မီးဖိုချောင်ကုန်ကျစရိတ် လျှော့ချနိုင်စေရန် ၊ ဘေးကင်း၍ အာဟာရ ပြည့်ဝသည့် သီးနှံများကို အချိန်မရွေး လတ်လတ်ဆတ်ဆတ် ခူးဆွတ် စားသုံး နိုင်စေရန် ၊  ပိုလျှံသည်များ ကို အိမ်နီးချင်းများနှင့်ဝေမျှစားသုံးနိုင်ခြင်းဖြင့် ကောင်းမွန်သည့် အသိုက်အဝန်း တစ်ခုဖန်တီး နိုင်ကြစေရန်တို့ကိုရည်ရွယ်၍ မိသားစု အိမ်ခြံဝင်း စိုက်ခင်းများ ပိုမိုဖွံ့ဖြိုးလာစေရန် မျိုးစေ့ ပျိုးပင်များ ထောက်ပံ့ပေးအပ်ခြင်းကို ဧပြီလ ၉ ရက်နေ့က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် လှဖြူပြာ ၁ လမ်း ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုက်တာဝန်ခံများ နှင့် ဝန်ထမ်းမိသားစုများတက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများက မျိုးစေ့ ပျိုးပင်များ နှင့် ကျန်းမာရေးသုံး ပစ္စည်းများအား ပေးအပ်ရာ ဝန်ထမ်းမိသားစုများကိုယ်စား တိုက်တာဝန်ခံများက လက်ခံရယူခဲ့ကြသည်။

ဒုတိယဝန်ကြီး က ဝန်ထမ်းမိသားစုများနှင့်တွေ့ဆုံစဉ်ဆွေးနွေးပြောကြားရာ၌ မိသားစု အိမ်ခြံဝန်းစိုက်ခင်းများ ပိုမိုဖွံ့ဖြိုးလာပါက အားလပ်ချိန်တွင် သီးပင်စားပင်များအား ပြုစု စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရသဖြင့် ပြင်ပသွားလာမှုများကို လျှော့ချနိုင်မည်ဖြစ်ပြီး၊ ကိုယ်လက်လှုပ်ရှားမှု နှင့် ခန္ဓာကိုယ်အား နေရောင်ခြည်ထိတွေ့စေခြင်းတို့ကြောင့် ကိုယ်ခံအား ကိုပါ မြှင့်တင်ပေးနိုင်မည် ဖြစ်သည့်အတွက် အိမ်တိုင်း မိသားစုတိုင်းက မြေလွတ်နေရာများတွင် သီးနှံပင်များ တပိုင်တနိုင် စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း၊ အိမ်ခြံဝင်းအတွင်း စိုက်ပျိုးမြေ ဧရိယာအနည်းငယ်သာရှိပါက ငရုတ် သံပုရာကဲ့သို့သော အပင်ငယ်များကို ပန်းအိုးများဖြင့် စိုက်ပျိုးနိုင်သကဲ့သို့ ဟင်းသီးဟင်းရွက်များကို ပျိုးအိတ်၊ ပျိုးခွက်များဖြင့် စိုက်ပျိုးခြင်း၊ အဆင့်လိုက်စိုက်ပျိုးခြင်း (Verticulture)၊ အာဟာရရည်ဖြင့် စိုက်ပျိုးခြင်း စသည့် နည်းစနစ်များ ဖြင့်လည်း စိုက်ပျိုးနိုင်ကြောင်းဆွေးနွေးပြောကြားပြီး မိသားစုဝင် များ နှင့် မိမိပတ်ဝန်းကျင် ၏ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လိုက်နာဆောင်ရွက်ဖွယ်ရာများအား အသေးစိတ်မှာကြား ခဲ့သည်။ထို့နောက် ဒုတိယဝန်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများသည် ဝန်ထမ်း နေအိမ်ခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဆောင်ရွက်ထားရှိမှု နှင့် ဝန်ထမ်းမိသားစု စိုက်ကွင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးအားပေးခဲ့ကြသည်။

  ယနေ့ကျင်းပသည့် အိမ်ခြံဝင်း ဥယျာဉ်စိုက်ပျိုးရေး ဟင်းသီးဟင်းရွက် မျိုးစေ့ ပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲတွင်  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းမိသားစု များ စုပေါင်းစိုက်ပျိုးနိုင်ကြရန် တိုက် (၁)တိုက်လျင် ချဉ်ပေါင်၊ သခွား၊ ရုံးပတီ၊ ငရုတ်၊ ခရမ်း၊ ဘူး၊ တိုင်ထောင်ပဲ၊ ကြက်ဟင်းခါး၊ ကျောက်ဖရုံ၊ ဟင်းနုနယ်၊ ရွှေဖရုံ အပါအဝင် ဟင်းသီးဟင်းရွက် မျိုးစေ့ အမျိုးအစား(၂၀) နှင့် ပျိုးပင်(၁၁)မျိုး၊  Medical Surgical Masks(၂)ထုပ်စီ တို့ကို ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။