ပြည်ထောင်စုအဆင့်သတင်း မော်ကွန်းမှတ်တမ်းများ

နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဆောင်ရွက်ချက်များ

“ကျေးလက်နေ တောင်သူလယ်သမားတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆက်နွယ်တဲ့ လုပ်ငန်း တွေ၊ အမှန်တကယ်လုပ်ကိုင်လိုသူတွေအတွက် မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်း လုပ် ပိုင်ခွင့်တွေ ကို တိုးမြှင့်ရရှိစေမှာဖြစ်”  (ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ)

====================================================

နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဆောင်ရွက်ချက်များ

====================================================

      အားလုံးပါဝင်ပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည်တည်တံ့သော လယ်ယာ ကုန်ထုတ်မှုစနစ် ထွန်းကားစေခြင်းဖြင့် စားနပ်ရိက္ခာဖူလုံ၍ အာဟာရပြည့်ဝစေပြီး ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွား ဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက် မှုကို အထောက် အကူ ဖြစ်စေရန် မျှော်မှန်းချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်နေမှုများ နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့်တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြ လိုက်ပါ သည်။

မေး။     ပြည်သူ့အတွက် နိုင်ငံတော်အစိုးရရဲ့ စတုတ္ထ (၁) နှစ်တာ ကာလအတွင်း ရောက်ရှိ နေပါပြီ ဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေအပေါ် အဓိက အောင်မြင်မှုတွေကို ရှင်းပြ ပေးပါဦးခင်ဗျာ။

ဖြေ။      မြန်မာနိုင်ငံလူဉီးရေရဲ့ (၇၀) ရာခိုင်နှုန်းဟာ ကျေးလက်ဒေသတွင် နေထိုင်ကြပြီး၊ နိုင်ငံ လူဦးရေအများစုရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ ဆောင်ရွက်နေကြ ပါတယ်။ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)ရဲ့ ၂၂ ဒသမ ၅ ရာခိုင် နှုန်းခန့်ကို လယ်ယာကဏ္ဍကြီးကနေ ရရှိတာဖြစ်ပါတယ်။ ယင်းကဏ္ဍရဲ့ တိုးတက်မှုနှုန်းက ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်မှာ ၂ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာ နှစ်မှာ ပိုမိုတိုးတက်ဖို့ ရည်မှန်းထားပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ဥပဒေ၊ နည်းဥပဒေတွေ ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိရာမှာ (၄)နှစ်တာ ကာလအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့် ဆည်မြောင်းဥပဒေ နှစ်ခုကို အသစ်ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ရေခွန်နှင့် တာတမံခွန် ဥပဒေ၊ တာတမံဥပဒေ၊ စာချုပ် စာတမ်းများ မှတ်ပုံတင်ဥပဒေ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့် တင်ရေးဥပဒေ၊ အပင် မျိုးသစ် အကာအကွယ် ပေးရေးဥပဒေ၊ နယ်နိမိတ်တိုင်းတာ ပိုင်းခြားသတ်မှတ်ရေးဥပဒေ၊ လယ် ယာမြေ ဥပဒေ စတဲ့ ဥပဒေ(၈)ခုတို့ကို ပြင်ဆင်တဲ့ ဥပဒေတွေ ထုတ်ပြန်နိုင်ခဲ့ပါတယ်။

၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်ဆဲ လုပ်ငန်း စီမံကိန်း (၇၇) ခု၊ လုပ်ငန်းသစ် (၁၃) ခု၊ စုစုပေါင်း လုပ်ငန်းစီမံကိန်းပေါင်း ၉၀ ကို ဘဏ္ဍာငွေ ကျပ်သန်း ၄၃၀၃၆၇ နဲ့ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။

မေး။     လယ်ယာကဏ္ဍ လုပ်ငန်းတွေ အကောင်အထည်ဖော်မှုနဲ့ စပ်လျဉ်းပြီး ရှင်းပြပေးပါဦး ခင်ဗျာ။

ဖြေ။      (၄) နှစ်တာ ကာလအတွင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၅ ရက်‌နေ့အထိ တောင်သူ ၂၆၈၂၁၀ ရဲ့ ဉီးပိုင်ပေါင်း ၄၃၈၃၅၅ ခု၊ ဧရိယာပေါင်း ၁၂၂၅၇၆၆ ဧကအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက် မှတ်(ပုံစံ-၇) ထပ်မံထုတ်ပေးနိုင်ပါတယ်။ ၂၀၁၂ ခုနှစ်  လယ်ယာမြေဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း  ယနေ့အထိ ၉၈ ရာခိုင်နှုန်း ထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ကျန်ရှိတာတွေက နယ်မြေလုံခြုံရေး၊ မြေယာအငြင်း ပွားမှုနဲ့ လျောက်ထားမှု မရှိတာတွေ ဖြစ်ပါတယ်။ မြေတိုင်းတာမှု မပြီးပြတ်သေးတာက အနည်းအကျဉ်း ကျန်ပါသေးတယ်။

လယ်ယာမြေ နည်းဥပဒေအရ ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း ကိစ္စရပ်တွေ၊ ငှားရမ်းခြင်းကိစ္စရပ်တွေနဲ့ ပေါင်နှံခြင်းကိစ္စရပ်တွေကို မြန်မာနိုင်ငံ တံဆိပ်ခေါင်း ဥပဒေဇယား (၁) ပါ ပြဋ္ဌာန်းချက်နဲ့အညီ ထိုက်သင့်တဲ့ တံဆိပ်ခေါင်းခွန် ထမ်းဆောင်စေပြီး စာချုပ်ချုပ်ဆို ခြင်းတွေကို ၂၀၁၉ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ စတင်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ယခင်အစိုးရတွေလက်ထက်က ခွင့်ပြုခဲ့တဲ့ မြေလွတ်၊  မြေလပ်နဲ့ မြေရိုင်း ၂၂ သိန်း ကျော် အနက် စတင်ခွင့်ပြုတဲ့ နေ့ကနေ (၄)နှစ်ကျော်သည်အထိ ဥပဒေ နဲ့အညီ အကောင် အထည်ဖော် နိုင်မှုမရှိတဲ့ လုပ်ပိုင်ခွင့် ရရှိထားသူ ၁၅၃၆ ဉီးရဲ့ ခွင့်ပြုဧရိယာဧက ၁၅ သိန်းကျော် (၁၅၄၉၉၈၀ ဒသမ ၂၇ ဧက)ကို ယနေ့အချိန်ထိ ပြန်လည်သိမ်းဆည်းခဲ့ပြီး ဖြစ်ပါတယ်။ ယင်း အတွက် ကျေးလက်နေ တောင်သူလယ်သမားတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေ၊ အမှန်တကယ်လုပ်ကိုင်လိုသူတွေအတွက် မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်း လုပ် ပိုင်ခွင့်တွေ ကို တိုးမြှင့်ရရှိစေမှာ ဖြစ်ပါတယ်။

မေး။     ဟုတ်ကဲ့ပါ ခင်ဗျာ။          လယ်ယာကဏ္ဍ ဝန်ဆောင်မှုလုပ်ငန်းတွေကို ရှင်းပြပေးပါဦး။

ဖြေ။     မြေကြီးမြေပုံစာရင်း မှန်ကန်ရေးအတွက် ဒစ်ဂျစ်တယ်မြေပုံတွေအဖြစ် ပြောင်းလဲ အသုံးပြုဖို့ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ ကွင်းပေါင်း ၄၈၆၃ ကွင်းကို ခေတ်မီမြေတိုင်း ကိရိယာတွေနဲ့ တိုင်းတာဆောင် ရွက်လျက်ရှိပြီး ဒစ်ဂျစ်တယ်ကွင်းမြေပုံတွေ တစ်နိုင်ငံလုံး ချိတ်ဆက်အသုံးပြုနိုင်မယ့် မြေပြင်ထိန်းမှတ် (GCP) မှတ်တိုင်ပေါင်း ၁၁၉၇ တိုင်ကို ပြည်နယ် / တိုင်းဒေသကြီးတွေမှာ စိုက်ထူခဲ့ပြီး ဖြစ်ပါတယ်။

သီးနှံစိုက်ပျိုးထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ မြေပြုပြင်ထွန်ယက်ခြင်း၊ ရိတ်သိမ်း၊ ခြွေလှေ့ခြင်း လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ ဝန်ကြီးဌာနရဲ့ ဝန်ဆောင်မှုအပြင် ပုဂ္ဂလိကကဏ္ဍ ဝန်ဆောင်မှုတွေ ထွန်းကားလာရေး အတွက် မြို့နယ်ပေါင်း ၉၇ ခုရှိ ပုဂ္ဂလိကဝန်ဆောင်မှု လုပ်ဆောင်နေသူတွေကို စုစည်းပြီး ပုဂ္ဂလိက စက်မှုလယ်ယာ ဝန်ဆောင်မှုအသင်း ၁၂၅ သင်း ဖွဲ့စည်းနိုင်ရေးကို ပေါင်းစပ်ညှိနှိုင်းပေးနိုင်ခဲ့ပါတယ်။ ဒီအသင်းတွေကပိုင်တဲ့ ထွန်စက်ကြီး ၁၅၉၁ စီး၊ ခြွေလှေ့စက်အစီး ၅၂၀ တို့နဲ့ ဝန်ဆောင်မှုအပိုင်းကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါတယ်။

(၄)နှစ်တာကာလအတွင်း တောင်သူလယ်သမားတွေအတွက် ထွန်စက်ကြီး ၂၈၅၆ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၃၅၅ စီး အပါအဝင် လယ်ယာသုံးစက်ကိရိယာ ၃၀၈၂၂ စီးကို ဖြန့်ဖြူး ပေးနိုင်ခဲ့ပြီး ပြင်ဆင်ထိန်း သိမ်းရေးအနေနဲ့ စက်ပြင် အလုပ်ရုံတွေတိုးချဲ့ပြီး စက်ကိရိယာ ၄၀၄၉ စီးကို ပြင်ဆင်ပေးနိုင်ခဲ့ပါတယ်။ တောင်သူတွေ လေ့လာဗဟု သုတရရှိရေးနဲ့ စက်မှု လယ်ယာ ကူးပြောင်းနိုင်ရေးကို မြှင့်တင်ဖို့အတွက် နိုင်ငံတကာ လယ်ယာသုံး စက်ကိရိယာ ပြပွဲတစ်ရပ်ကို နေပြည်တော် တပ်ကုန်းမြို့မှာ ကျင်းပခဲ့တာ တောင်သူလယ်သမား ၂၀၀၀ ကျော်လာရောက် လေ့လာခဲ့ပါတယ်။ (၄)နှစ်တာ ကာလအတွင်း လယ်ယာသုံး စက်ကိရိ ယာတွေနဲ့ ပတ်သက်တဲ့ သရုပ်ပြပွဲပေါင်း ၉၆၅ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး လူသားအရင်းအမြစ် ပြုစုပျိုးထောင်ရေးအဖြစ် တောင်သူ ၁၆၅၉၂ ဉီးကို လယ်ယာ သုံးစက်ကိရိယာ မောင်းနှင်ခြင်းနဲ့ ပြင်ဆင် ထိန်းသိမ်းခြင်း ပညာတွေကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါတယ်။

စက်မှုလယ်ယာစနစ် ကျင့်သုံးနိုင်ဘို့ လယ်ယာမြေတွေ အဆင့်မြှင့်တင်ခြင်း၊ စနစ်ကျ ကုန်းမြင့် လယ်ယာမြေဖော်ထုတ်ခြင်းတို့ကို (၄) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့ရာမှာ လယ်ယာမြေ ၂၃၈၆၄ ဧကကို အဆင့်မြှင့်တင်နိုင်ခဲ့ပြီး ကုန်းမြင့်လယ်ယာမြေ ၄၈၉၅ ဧကကို ဖော်ထုတ် ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။

မေး။     လယ်ယာကဏ္ဍ နဲ့စပ်လျဉ်းတဲ့ သုတေသန လုပ်ငန်းတွေကို ရှင်းပြပေးပါဦး ခင်ဗျာ။

ဖြေ။      စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခဲ့ရာမှာ နိုင်ငံရဲ့ ဒေသ ရေမြေနဲ့ လိုက်လျောညီထွေရှိတဲ့ အထွက်ကောင်းပြီး ရောဂါနဲ့ သဘာဝဘေး အန္တရာယ် ဒဏ်ခံ နိုင်တဲ့ မျိုးသစ်တွေကို မွေးမြူ ထုတ်လုပ်ခြင်း စီမံကိန်းအနေနဲ့ စပါးသီးနှံမျိုးသစ် ၁၆ မျိုး၊ ပြောင်းသီးနှံမျိုးသစ် ၃ မျိုး၊ ဂျုံသီးနှံမျိုးသစ် တစ်မျိုး၊ မြေပဲသီးနှံ မျိုးသစ် ၄ မျိုး၊ နှမ်းသီးနှံ မျိုးသစ် ၂ မျိုး၊ နေကြာသီးနှံမျိုးသစ် တစ်မျိုး၊ ပဲစဉ်းငုံမျိုးသစ် တစ်မျိုး၊ ပဲပုတ်မျိုးသစ် (၃)မျိုး၊ ကုလားပဲမျိုးသစ် တစ်မျိုး၊ ကြံမျိုးသစ် ၂ မျိုး၊ ချည်မျှင်ရှည်ဝါ မျိုးသစ် တစ်မျိုး၊ ချဉ်ပေါင်လျှော် မျိုးသစ် တစ်မျိုး၊ ပီလောပီနံမျိုးသစ် တစ်မျိုး စုစုပေါင်းသီးနှံမျိုးသစ် ၃၇ မျိုး ထုတ်လုပ်နိုင်ခဲ့ ပါတယ်။

သီးနှံသိုလှောင်မှု၊ စိုက်ပျိုးထုတ်လုပ်မှုနဲ့ ပိုးမွှားရောဂါကာကွယ်မှုဆိုင်ရာ နည်းပညာ တွေကို သုတေသနပြု ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သုတေသနတွေ့ရှိချက်တွေကို တောင်သူတွေ ထံ ရောက်ရှိရေးအတွက် ဒီနှစ်တွေ အတွင်းမှာ ပညာပေးဆွေးနွေးပွဲ ၁၄ ကြိမ်၊ နည်းပညာ သင်တန်း ၁၂၃ ကြိမ်၊ လေ့လာရေးခရီး ၁၀၈ ကြိမ်ကို ဆောင်ရွက်ပေးခဲ့ပြီး စိုက်ကွင်းတွေမှာ သရုပ်ပြပွဲ ၆ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။မျိုးကောင်းမျိုးသန့်သီးနှံမျိုးတွေကို တောင်သူတွေ အသုံးပြုနိုင်ရေးအတွက် မျိုးစေ့ပြပွဲ ၃ ကြိမ်ကို ကျင်းပပေးခဲ့ပါတယ်။ ဒါအပြင် မျိုးစေ့လိုင်စင် ၃၁၁ ခု၊ မျိုးစေ့ဆိုင်ရာ အသိအမှတ် ပြုလက်မှတ် ၄၀၄ ခု၊ GAP အသိအမှတ်ပြုလက်မှတ် ၇၃၂ စောင် ထုတ်ပေးနိုင်ခဲ့ပြီး မြန်မာ့ အော်ဂဲနစ် စံချိန်စံညွှန်းစာအုပ်ကိုလည်း ထုတ်ဝေနိုင်ခဲ့ပါတယ်။

မြေဆီလွှာနဲ့ ရေအရည်အသွေး၊ ဓာတ်မြေဩဇာအရည်အသွေးတွေ၊ အပင်နမူနာတွေ ဓာတ်ခွဲစစ်ဆေးပေးနိုင်ဖို့အတွက် ဓာတ်ခွဲခန်းတွေကို ပြည်နယ်/တိုင်းဒေသကြီးတွေမှာ တိုးချဲ့ ဖွင့်လှစ်ရာမှာ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ပဲခူးတိုင်း ဒေသကြီး ပြည်မြို့နဲ့ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့တို့မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

မေး။     ဟုတ်ကဲ့ပါ ခင်ဗျာ။ စိုက်ပျိုးရေ ရရှိရေးအတွက် ဆောင်ရွက်ခဲ့မှုတွေကို ရှင်းပြပေးပါ။

ဖြေ။      စိုက်ပျိုးရေ ရရှိရေးအတွက် (၄)နှစ်တာ ကာလအတွင်း စိုက်ပျိုးရေ ရရှိရေး လုပ်ငန်း ၁၀၈၃၃ ခု၊ ရေကြီးနစ်မြုပ်မှု ကာကွယ်ရေးနဲ့ ရေဘေးကာကွယ်ရေး တာ လုပ်ငန်းပေါင်း ၃၅၇၃ ခုနဲ့ သောက်သုံးရေ ရရှိရေးလုပ်ငန်း ၁၀၅၆ ခုကို ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ငလိုက်၊ ဘောနီ၊ ဇီးတော၊ သဲကော ရေလှောင်တမံတို့ရဲ့ ရေသောက် စနစ် မြှင့်တင်ရေးကို ဆောင်ရွက်လျက်ရှိပြီး လယ်ယာမြေ ဧက (၈)သောင်းကျော်ကို စိုက်ပျိုး ရေ ပြည့်မီစွာပေးနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ ဝါရှောင် ဆည်ရဲ့ ရေဝပ်ဧရိယာမှာ သဲနုန်းတူးဖော်ခြင်းနဲ့ ရေပေးအဆောက်အအုံတွေ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလုပ်ငန်းတွေ ပြီးစီးပါက ရေသောက်ဧရိယာ ၁၁၄၄၆ ဧကကို ဆည်ရေပြည့်မီစွာ ပေးဝေနိုင်မှာ ဖြစ်ပါတယ်။

မေး။     မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍတွေရဲ့ လုပ်ငန်းဆောင်ရွက်နေမှုတွေကို ရှင်းပြပေးပါဦး ခင်ဗျာ။

ဖြေ။      ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျွဲနွားတွေ  ရွှေ့ပြောင်း သယ်ဆောင် မွေးမြူခြင်း လုပ်ငန်းတွေဆောင်ရွက်ရာတွင် လိုက်နာရမည့် ညွှန်ကြားချက်တွေကို ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ထုတ်ပြန်နိုင်ခဲ့ပါတယ်။ အာဖရိကဝက် အပြင်းဖျားရောဂါ ကြိုတင် ကာကွယ်ရေးနဲ့ ရောဂါထိန်းချုပ်တဲ့ အစီအစဉ် တွေကို ရေးဆွဲချမှတ်နိုင်ခဲ့ပါတယ်။ နယ်စပ် ကုန်သွယ်မှုအတွက် ကွတ်ခိုင်မြို့နဲ့ ကော့ကရိတ် မြို့ တို့မှာ တိရိစ္ဆာန်ရောဂါ ထိန်းချုပ်စောင့် ကြည့် စစ်ဆေးရေးစခန်း (၂)ခုကို ဖွင့်လှစ် နိုင်ခဲ့ ပါတယ်။ တရုတ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ တို့သို့ တင်ပို့မယ် ကျွဲ ၇၅၄၂၆ ကောင်နဲ့ နွား ၅၃၁၇၃၀ ကို ကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး ဌာနမှ ဝင်ငွေကျပ် ၆၀၇၁ ဒသမ ၅၆ သန်း ရရှိခဲ့ပါတယ်။ကောင်းမွန်တဲ့ တိရိစ္ဆာန်မွေးမြူရေးကျင့်စဉ် နဲ့ပတ်သက်ပြီး ဝက်မွေးမြူရေးတွင် ဝက်ခြံ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့မှာ စမ်းသပ် ဆောင်ရွက် ခဲ့ပြီး ကောင်းမွန်တဲ့ မွေးမြူရေးလုပ်ငန်း ထောက်ခံချက် လက်မှတ် ထုတ်ပေး ခြင်း နဲ့ နိုင်ငံတကာ အသိအမှတ်ပြုဖို့အတွက် ဦးစွာ အာဆီယံအဆင့် ညှိနှိုင်း သဘောတူ ညီချက် ရရှိရေးကို ဆောင်ရွက်လျက် ရှိပါတယ်။

မွေးမြူရေးကဏ္ဍမှာ ပဋိဇီဝဆေးယဉ်ပါးမှုလျှော့ချနိုင်ဖို့အတွက် တိရိစ္ဆာန်အစာတွေမှာ Growth promoter အဖြစ် အသုံးပြုနေခြင်းကို ထိန်းချုပ်နိုင်ဖို့အတွက် မူဝါဒနဲ့ စည်းကမ်း ချမှတ်နိုင်ရေးအတွက် Stateholder Meeting ကို ကျင်းပခဲ့ပါတယ်။

၂၀၃၀ ခုနှစ်တွင် တစ်ကမ္ဘာလုံး ခွေးရူးရောဂါကင်းစင်ရမည် ဟူသော ရည်မှန်းချက်ကို လိုက်နာ အကောင်အထည်ဖော်နိုင်ရေးအတွက် မွေးမြူရေးနှင့် ကုသရေး ဉီးစီးဌာနနဲ့ OIE တို့ ပူးပေါင်းပြီး National Action Plan for Rabies Elimination   in   Dog    စီမံချက်ကို    ရေးဆွဲ ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ ခွေးရူးရောဂါ ကာကွယ်ဆေး တစ်သိန်းခွဲကျော်ကို ထိုးနှံပေးခဲ့ပါတယ်။

မေး။     ဟုတ်ကဲ့ပါ ခင်ဗျာ။          ရေလုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုတွေကို ရှင်းပြပေးပါဦး ခင်ဗျာ။

ဖြေ။   ရေလုပ်ငန်းဆိုင်ရာထွက်ကုန်တွေကို အီးယူနဲ့ နိုင်ငံတကာဈေးကွက်သို့ အရည် အသွေး မီတင်ပို့နိုင်ရေး အတွက် EU Guideline နှင့်အညီ ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေး ကျင့်စဉ်ကို မွေးမြူရေးလုပ်ငန်းရှင်တွေ သိရှိလိုက်နာဆောင်ရွက်နိုင်ဖို့ ပညာပေးသင်တန်းတွေ ဆောင်ရွက်လျက်ရှိပြီး ရေသတ္တဝါ မွေးမြူရေးကဏ္ဍ ရေရှည် ဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ် ကို ငါးလုပ်ငန်းဉီးစီးဌာနနဲ့ EU – GIZ တို့ ပူးပေါင်း ရေးဆွဲခဲ့ပြီး ငါးမွေးမြူရေး လုပ်သားတွေ အတွက် လိုအပ်တဲ့ စံနှုန်းတွေသတ်မှတ်ရေးကို ဆောင်ရွက်လျက်ရှိပါတယ်။

ငါးမျိုးပြုန်းတီးမှု မဖြစ်စေဖို့၊ သဘာဝရေပြင်တွင် ငါးမျိုးတွေ စဉ်ဆက်မပြတ် တည်ရှိ စေဖို့၊ ငါးထုတ်လုပ်မှု တိုးတက်စေဖို့နဲ့ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်စေဖို့ ၂၀၁၉ ခုနှစ် ဧပြီလမှ ၂၀၂၀ ဇန်နဝါရီလအတွင်း ငါးသားပေါက်ကောင်ရေ ၁၄၈၈ ဒသမ ၅၅ သိန်းကို မျိုးစိုက်ထည့်ပေးခဲ့ပါတယ်။

မြန်မာ့ပင်လယ်ငါးလုပ်ငန်း ရေပြင်အတွင်း တရာမဝင် ငါးဖမ်းဆီးမှုတွေ ထိန်းချုပ်နိုင် ဖို့၊ ရေယာဉ်တွေ အန္တရာယ်ကင်းရှင်းရေးနဲ့ ငါးကုန်တက် အထိအမိ သိရှိရေးအတွက် ငါးဖမ်း ရေယာဉ်တွေ စောင့်ကြည့်ထိန်းသည့်စနစ် (Vessel Monitoring System)ကို တပ်ဆင် အသုံးပြုရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါတယ်။

(၄)နှစ်တာ ကာလအတွင်း ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှာ နှစ်စဉ် တိုးတက်ခဲ့ပြီး ၂၀၁၉ ဧပြီလမှ ၂၀၂၀ ပြည်နှစ် ဇန်နဝါရီလအတွင်း ပြည်ပသို့ ရေထွက်ပစ္စည်း အမေရိကန် ဒေါ်လာ ၆၄၁ ဒသမ ၀၈၉ သန်း တင်ပို့နိုင်ခဲ့ပါတယ်။

မေး။     ရေလုပ်ငန်းဆိုင်ရာ သုတေသနဆောင်ရွက်မှုတွေကို ရှင်းပြပေးပါဦး ခင်ဗျာ။

ဖြေ။      နော်ဝေနိုင်ငံမှ သုတေသနရေယာဉ် Dr. Fridtjof Nansen ဖြင့် ဒေသတွင်း သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ရေပြင်အတွင်း ငါးသယံဇာတ တည်ရှိမှု၊ ငါးမျိုးစိတ် တွေ ပြန့်နှံ့နေမှု၊ ရေငန်ဂေဟဆိုင်ရာ အခြေအနေတွေအလိုက် ငါးများ ပြောင်းလဲကျက်စားမှု အခြေအနေတွေကို သုတေသနပြုဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ငါးတွေအနေနဲ့ ဥနဲ့ သားလောင်းတွေရဲ့ ပေါက်ဖွားကြီးပြင်းရာ အချိန်နဲ့ ဒေသတွေကို သိရှိနိုင်ဖို့နဲ့ ရေထုနဲ့ ငါးအသားအတွင်း Micro plastic ပါဝင်နေမှုတွေကို သိရှိနိုင်ခဲ့ပြီး ပိုင်နက်ပင်လယ်ပြင်ရှိ ငါး တည်ရှိမှု အခြေအနေတွေကို  ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။

မေး။     ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုတွေကို ရှင်းပြပေးပါဦး။

ဖြေ။      ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းတွေထိရောက်စွာ အကောင်အထည်ဖော် နိုင်ဖို့အတွက်   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး  ဥပဒေကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပြဋ္ဌာန်း နိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလမှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်း ကျေးလက်ဒေသ သောက်သုံးရေ ရရှိရေးလုပ်ငန်းတွေကို ကျေးရွာပေါင်း ၁၈၀၃ ရွာတွင် ဆောင်ရွက်ခဲ့ပြီး၊ အိမ်ခြေ ၃ ဒသမ ၅၉ သိန်းနဲ့ လူဉီးရေ ၁ ဒသမ ၈၃၃ သန်းကို အကျိုးခံစားနိုင်စေခဲ့ပါတယ်။ ဂျပန်နိုင်ငံ ODA ချေးငွေနဲ့ မြို့ပေါင်း ၂၂ မြို့မှာ တိုးချဲ့ရေပေးရေး စီမံကိန်းဆောင်ရွက်ဖို့အတွက် စာချုပ် ချုပ်ဆိုခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။

အိမ်သုံးဆိုလာစနစ်နဲ့ လျှပ်စစ်မီးလင်းရေးလုပ်ငန်းတွေကို ကျေးရွာ ၂၈၀၁ ရွာ၊ အိမ် ခြေပေါင်း ၁၁၅၅၈၃ အိမ်နဲ့ အများပိုင်အဆောက်အဉီ ၁၇၉၁၁ ခုမှာ တပ်ဆင်ပေးနိုင်ခဲ့ပြီး လူဉီး ရေ ၉၂၀၀၀၀ ကို အကျိုးပြုခဲ့ပါတယ်။ အသေးစား ဓာတ်အားပေးစနစ် လုပ်ငန်းတွေကို ကျေးရွာ ၄၁ ရွာမှာ လုပ်ငန်းပေါင်း ၃၉ ခု ဆောင်ရွက်နိုင်ခဲ့ပြီး အိမ်ခြေ ၁၀၂၉၆ နဲ့ လူဉီးရေ ၃၉၀၀၀ ခန့်ကို အကျိုးပြုခဲ့ပါတယ်။

ကျေးလက် ကုန်ထုတ်လမ်း ၂၆၆ မိုင် ၆ ဖာလုံနဲ့   ကျေးလက်ကုန်ထုတ်တံတားအစင်း ၂၂၀ တည်ဆောက်ပေးနိုင်ခဲ့ပြီး စိုက်ဧရိယာ ၁၇၆၈၂၉ ဧကနဲ့ လူဉီးရေ ၃၇၀၀၀၀ ကို အကျိုးပြု နိုင်ခဲ့ပါတယ်။

မေး။     ကျေးလက်ဒေသ လူထုဗဟိုပြုစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး ခင်ဗျာ။

ဖြေ။      လူထုဗဟိုပြုစီမံကိန်းအနေနဲ့ မြို့နယ် ၅၄ မြို့နယ်က ကျေးရွာ ၈၀၇၀ ရွာမှာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း ၉၀၈၄ ခု အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ မြစိမ်းရောင် ကျေးရွာစီမံကိန်း အနေနဲ့ စီမံကိန်းယူနစ် ၈၀၀ ကို ကျေးရွာ ၉၄၄ ရွာတွင် တိုးချဲ့ ဆောင်ရွက်နိုင်ခဲ့ပြီး စီမံကိန်းကာလ (၅)နှစ်အတွင်း စီမံကိန်းယူနစ်ပေါင်း ၉၀၅၇ ခု၊ ကျေးရွာ ပေါင်း ၁၁၀၉၈ ရွာမှာ ရန်ပုံငွေတွေ လှည့်ပတ်လျက်ရှိပါတယ်။

ကျေးလက် အသက်မွေးဝမ်းကြောင်းနဲ့ ဝင်ငွေမြှင့်တင်ရေး စီမံကိန်းကို မြို့နယ် ၃ မြို့နယ်ရှိ ကျေးရွာ ၂၉၁ ရွာမှာ အကောင်အထည်ဖော်လျက်ရှိပြီး လူဉီးရေ ၁ ဒသမ ၇၇၄ သန်း ကို အကျိုးပြုခဲ့ပါတယ်။ သင်တန်းသား ၃၁၃၉၅ ဉီးကို အသက်မွေးဝမ်းကြောင်းသင်တန်းတွေ ပို့ချခဲ့ပြီး စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီတွေနဲ့ တစ်နိုင်တစ်ပိုင် လုပ်ငန်းတွေမှာ ၁၉၉၅၈ ဉီး အလုပ် အကိုင်ရရှိခဲ့ပါတယ်။

မေး။     သမဝါယမကဏ္ဍအနေနဲ့ ဆောင်ရွက်နေမှုတွေကို ရှင်းပြပေးပါဦး။

ဖြေ။      ကျေးလက်ဒေသနဲ့ မြို့ပြတွေမှာ စုပေါင်းဆောင်ရွက်တတ်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့နဲ့ လူမှုစီးပွား ဘဝတွေ ပိုမိုတိုးတက်ရေးကို အထောက်အကူဖြစ်ဖို့ ရည်ရွယ်ပြီး သမ ဝါယမ အသင်းသစ်ပေါင်း ၁၉၅၃ သင်းကို တိုးချဲ့ဖွဲ့စည်းပေးခဲ့ပါတယ်။

(၄)နှစ်တာကာလအတွင်း အသေးစားအရင်းအနှီးချေးငွေအဖြစ် ပြည်နယ်/ တိုင်းဒေသ ကြီး မြို့နယ် ၂၆၈ မြို့နယ်က အသင်း ၂၅၇၈၀ မှ အသင်းသား ၁၈၂၇၁၉၀ ကို ချေးငွေကျပ် ၁၇၆၉၈၄ သန်း၊ အရစ်ကျ Hire Purchase စနစ်နဲ့ စက်ကိရိယာတွေကို အသင်းသား တောင်သူ ၂၃၇ ဉီးသို့ စက်ပစ္စည်း ၂၃၇ စီး၊ တန်ဖိုးငွေကျပ်  ၃၇၉၅ သန်း ပံ့ပိုး ထုတ်ချေး နိုင်ခဲ့ပါတယ်။ စက်မှုလယ်ယာစနစ် ကူးပြောင်းနိုင်ရေးအတွက် လယ်ယာမြေ အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်း တွေကို မြို့နယ် ၃၃ မြို့နယ်တွင် စုစုပေါင်းဧက ၈၈၁၄ ဒသမ ၈၇ ဧကအတွက် ချေးငွေကျပ် ၁၈၅၇ သန်း ထုတ်ချေးပေးနိုင်ခဲ့ပါတယ်။

ပြည်နယ်/တိုင်းဒေသကြီး ၁၃ ခုရှိ မြို့နယ် ၁၁၄ မြို့နယ်တွင် လယ်ယာ အထောက် အကူပြု ဝန်ဆောင်မှုအသင်း ၆၀ ကို ဖွဲ့စည်းထားပါတယ်။ မြို့နယ်အသင်းစုတွေရဲ့ ဝန်ဆောင် မှု လုပ်ငန်းခွဲ ၇၇ ခုနဲ့ မြေယာပြုပြင်ခြင်း၊ ရိတ်သိမ်း ခြွေလှေ့ခြင်းနဲ့ စပါးသိုလှောင်ခြင်း လုပ်ငန်းတွေကို ထွန်စက်ကြီး ၇၃၉ စီးနဲ့ ရိတ်သိမ်းခြွေလှေ့စက် ၉၇ စီးတို့နဲ့ ဝန်ဆောင် မှုပေးနိုင်ခဲ့ ပါတယ်။

မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးအသင်း ၁၄၄ သင်းက မျိုးစေ့ထုတ်ဧက ၁၂၃၀၈ အတွက် ချေးငွေကျပ် ၁၆၂၁ သန်း ထုတ်ချေးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေး သွင်းအားစုတွေဖြစ် တဲ့ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေကို တန်ဖိုးငွေ ကျပ် ၃၃၂၇ သန်း ဖြန့်ဖြူးရောင်းချနိုင် ခဲ့ပါတယ်။

မေး။     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သမဝါယမဆိုင်ရာ လူသားအရင်းအမြစ်တွေ မွေးထုတ်ပေး နေမှုကို ရှင်းပြပေးပါဦးခင်ဗျာ။

ဖြေ။      ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အနေနဲ့ (၄)နှစ်တာ ကာလအတွင်း စိုက်ပျိုးရေးဆိုင်ရာ ဘွဲ့ရသူ ၁၃၇၉၁ ဉီး မွေးထုတ်နိုင်ခဲ့သလို မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အနေနဲ့ မွေးမြူ ရေးပညာရှင်တွေနဲ့ တိရိစ္ဆာန်ဆရာဝန်တွေ စုစုပေါင်း ၆၈၄၄ ဉီးကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

သမဝါယမတက္ကသိုလ် (၂) ခုနဲ့ ကောလိပ် (၂) ခုတို့က (၄) နှစ်တာ ကာလအတွင်း ဘွဲ့နဲ့ ဒီပလိုမာ၊ မဟာဘွဲ့နဲ့ ဘွဲ့လွန်ဒီပလိုမာဘွဲ့ရ ၆၉၅၅ ဉီးကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

မေး။     ဈေးကွက် ယှဉ်ပြိုင်နိုင်ရေးအတွက် လယ်ယာသားငါးထွက်ကုန်တွေရဲ့ အရည်အသွေး တိုးတက်စေဖို့ ဆောင်ရွက်နေမှုကို ပြောပြပေးပါဦး။

ဖြေ။      ပြည်တွင်းပြည်ပ ဈေးကွက်တွေမှာ အရည်အသွေးကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်း ရှင်းတဲ့ လယ်ယာသားငါးထုတ်ကုန်တွေ ယှဉ်ပြိုင်နိုင်စွမ်းရှိစေဘို့ မျိုးကောင်းမျိုးသန့်တွေ ရရှိ ရေး၊ စိုက်ပျိုးရေးကျင့်စဉ် ကောင်း (GAP)၊ ကောင်းမွန်တဲ့ တိရိစ္ဆာန်မွေးမြူရေးကျင့်စဉ် (GAHP) နဲ့ ကောင်းမွန်တဲ့ ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP)တို့ကို ကျင့်သုံးနိုင်ရေး အတွက်  ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိမှာ ASEAN GAP (ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ) စံချိန်စံညွှန်းကိုအခြေခံပြီး မြန်မာသီးနှံ ၁၅ မျိုးအတွက် GAP Guidelines ကို တောင်သူတွေ လွယ်ကူစွာလိုက်နာကျင့်သုံနိုင်ဖို့ ရေးဆွဲခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှစတင်ပြီး ယနေ့အထိ စိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့်ကောင်းစနစ်နဲ့ သီးနှံ ၃၄ မျိုးအတွက် စိုက်ပျိုးဧက ၃၈၅၂၄ ဒသမ ၀၅ ကို (GAP) အသိအမှတ်ပြုလက်မှတ် ၉၉၆ စောင် ထုတ်ပေးနိုင်ခဲ့ပါတယ်။ လယ်ယာ သားငါးထွက်ကုန်တွေမှာ ဓာတုဓာတ်ကြွင်းပါဝင်မှုနဲ့ ပိုးမွှားရောဂါကင်းစင်ရေးတို့ အတွက် စစ်ဆေးမှုတွေ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

တောင်သူတွေနဲ့ ကျေးလက်နေပြည်သူတွေအတွက် လူမှုကာကွယ်ရေးကို လွှမ်းခြုံနိုင် ဖို့၊ စိုက်ပျိုးရေး အာမခံစနစ်တွေ ထူထောင်နိုင်ဖို့၊ တောင်သူတွေနဲ့ သက်ဆိုင်သူအားလုံး ပါဝင် တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့ပါတယ်။ လက်ရှိစပါးအထွက်နှုန်းညွှန်းကိန်း အခြေခံ သီးနှံ အာမခံစနစ် ရှေ့ပြေးစီမံကိန်းကို ဧရာဝတီတိုင်းဒေသကြီးနဲ့ စပါးသီးနှံအပေါ် ရာသီဥတု ညွှန်းကိန်းအခြေခံ သီးနှံအာမခံစနစ် ရှေ့ပြေးစီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ ပုဂ္ဂလိ ကတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

တောင်သူလယ်သမားတွေ ဈေးကွက်ခိုင်မာမှုရှိစေဖို့အတွက် တောင်သူ – ပုဂ္ဂလိက -အသင်းအဖွဲ့တွေအကြား ကန်ထရိုက်လယ်ယာစနစ် (Contract Farming) ကျင့်သုံးနိုင်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါတယ်။ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေ စနစ်တကျဖြစ်စေဖို့ ကန်ထရိုက် လယ်ယာစနစ် ဆောင်ရွက်ရာတွင် လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မေး။     သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုတွေမှာ ပြန်လည်ထူထောင်ရေးနဲ့ သဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှုကို ရှင်းပြပေးပါဦးခင်ဗျာ။

ဖြေ။      ရာသီဉတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ရေကြီးခြင်း၊ မိုးခေါင်ခြင်းနဲ့ ပိုးမွှားကျရောက် ခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် သီးနှံစိုက်ခင်းတွေ၊ မွေးမြူရေးလုပ်ငန်းတွေ၊ ငါးကန်တွေ၊ ကျေးရွာနေ အိမ်နဲ့ လမ်းတံတားတွေ ထိခိုက်ပျက်စီးခြင်းအပေါ် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

(၄) နှစ်တာ ကာလအတွင်း သီးနှံတွေ ထိခိုက်ပျက်စီးမှုအပေါ် ထောက်ပံ့ကြေး ငွေကျပ် ၁၉၃၄၅ သန်း ပေးနိုင်ခဲ့ပါတယ်။ အချိန်မီ စပါးပြန်လည်စိုက်ပျိုးနိုင်ဖို့ မျိုးစပါး တင်းပေါင်း ၈၆၃၆၂ တင်းကို (၄)နှစ်တာကာလအတွင်း ထောက်ပံ့ပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီ တိုင်းဒေသကြီးတွေနဲ့ ကရင်ပြည်နယ်တို့မှာ ရေကြီး နစ်မြုပ် ပျက်စီးတဲ့ လယ်မြေဧရိယာ စုစုပေါင်း ၂၄၁၄၆ ဒသမ ၅ ဧကကို စပါး ပြန်လည် စိုက်ပျိုးနိုင်ဖို့ ထွန်ယက်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို ဆောင် ရွက်ပေးခဲ့ပါတယ်။

ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာစေဖို့အတွက် ပြည်နယ်/တိုင်းဒေသကြီး အသီးသီးရှိ ချောင်းကော၊ မြောင်းကောတွေ ပြန်လည်တူးဖော်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူး၊ ရန်ကုန် နဲ့ ဧရာဝတီတိုင်း ဒေသကြီးအတွင်း လုပ်ငန်း (၁၀)ခုဆောင်ရွက်ပေးခဲ့ပြီး စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် ရေနုတ်မြောင်း (၂၅)ခု တို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ ရလဒ်အနေနဲ့ လယ်မြေဧက (၂)သိန်းခန့်ကို ရေကြီးနစ်မြုပ်မှု ဘေးမှ လျော့ပါး သက်သာစေမှာ ဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ ကျေးလက်အိမ်ရာတွေကို ချင်း ပြည်နယ် မှာ အိမ်အလုံး ၂၀၀ နဲ့ ရခိုင်ပြည်နယ်မှာ အိမ် ၃၂၇ လုံး စုစုပေါင်း ၅၂၇ လုံး တည် ဆောက်ပေး နိုင်ခဲ့ပါတယ်။

မေး။     ဝန်ကြီးဌာနက ဆောင်ရွက်ခဲ့တဲ့ စေတနာမျှဝေခြင်း အစီအစဉ်ကို ပြောပြပေးပါဦး။

ဖြေ။      စေတနာမျှဝေခြင်း အစီအစဉ်က ကမ္ဘာမှာ ရက်ရောမှုအရှိဆုံးအဖြစ် ရပ်တည်နေတဲ့ မြန်မာတို့ရဲ့ စိတ်သဘောထားကောင်းမြတ်ခြင်း(generosity)ကို သက်သေတစ်ရပ် ဖြစ်စေခဲ့ ပါတယ်။ လူတစ်ဦးချင်းစီရဲ့ ငွေကြေးအနည်းငယ်ပါဝင်မှုနဲ့ လူအများရဲ့ ပါဝင်မှုတို့ကို ပေါင်း စပ် ဆောင်ရွက်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ အလှူငွေအတွက် နှစ်စဉ် ဆောင်ရွက်ရမယ်လို့ မျှော်လင့်ပေမယ့် လွန်ခဲ့တဲ့ ၄ နှစ်ခန့်က တစ်ကြိမ်သာ ဆောင်ရွက် စိုက်ပျိုးခဲ့တဲ့ ဒီသစ်ပင်ဟာ  အများပြည်သူတွေရဲ့   စေတနာအသီးအပွင့်တွေနဲ့ ဆက်လက် ဝေဆာသီးပွင့်ခဲ့ပါတယ်။ စေတနာရှင်တွေရဲ့ လှူဒါန်းငွေပေါင်း ၁၃၄၅၆ ဒသမ ၅ သိန်းနဲ့ ဝန်ကြီးဌာန ဝန်ထမ်းတွေရဲ့ လုပ်အားဒါနတွေနဲ့ ရေတွင်း၊ သောက်သုံးရေကန်၊ ကျောင်း၊ လမ်း စတဲ့ ပြည်သူတွေရဲ့ အမှန်လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

နိဂုံးချုပ်အနေနဲ့ မြန်မာ့လယ်ယာကဏ္ဍကြီး ရေရှည်တည်တံ့ တိုးတက်ဖွံ့ဖြိုးပြီး ထုတ် လုပ်မှုစွမ်းအား မြင့်မားလာ စေရေးအတွက် ဝန်ကြီးဌာနအောက်ရှိ ဌာနအသီးသီးအနေနဲ့ လုပ်ငန်းတာဝန်တွေ ပြီးမြောက် အောင်မြင်ရေးအတွက် သက်ဆိုင်ရာ နယ်ပယ်အလိုက် ဌာန အချင်း ချင်း ပူးပေါင်းဆောင်ရွက်နေသလို ဆက်စပ်ဝန်ကြီးဌာနတွေနဲ့ပါ လိုအပ်သလို ပူးပေါင်း ဆောင်ရွက်ခြင်းနဲ့ နိုင်ငံတော်အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြား လိုပါတယ်။

တွေ့ဆုံမေးမြန်း – သူရဇော်၊ ဓာတ်ပုံ – ကျော်ဇေယျ၊ အေးသန်း