နယ်သတင်းများ သတင်းကဏ္ဍ

ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းအမှတ်စဉ် (၃၀/၂၀၁၉) ToT သင်တန်းဖွင့်လှစ်

တောင်သူများဝင်ငွေနှင့်အကျိုးအမြတ်သိသာစွာ တိုးတက်ရရှိစေရေးကြိုးပမ်းရာတွင် သီးနှံအထွက်နှုန်းတိုးတက်ရေးသာမက သီးနှံအရည်အသွေးမြင့်မားမှု၊ အာဟာရပြည့်ဝမှုနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့ကို ဖြည့်ဆည်းပေးနိုင်မှသာ စျေးကွက်ဝင် စျေးကောင်းရ နိုင်မည်ဖြစ်သကဲ့သို့ ရေရှည်စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်မှုကို ဦးတည်လာနိုင်မည်ဖြစ်သည့် အတွက်  သီးနှံများ စတင်စိုက်ပျိုးသည်မှ ဆွတ်ခူး ရိတ်သိမ်း သိုလှောင် ထုပ်ပိုးခြင်းစသည့် လုပ်ငန်းစဉ် ကွင်းဆက်ဆိုင်ရာ နည်းပညာပြန့်ပွားရေးကို တောင်သူပညာပေးလုပ်ငန်းများ၊ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းလုပ်ငန်းများဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန က အထူးအလေးထားဆောင်ရွက်လျက် ရှိသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ စိုက်ပျိုးရေးဝန်ထမ်းများအား ပို့ချပေးမည့် ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်း အမှတ်စဉ်(၃၀/၂၀၁၉)  ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီ အချိန်က မန္တလေးတိုင်းဒေသကြီး ထုံးဘို ရိတ်သိမ်း ချိန်လွန်နည်းပညာသင်တန်းကျောင်း တွင် ကျင်းပရာ အခမ်းအနားတွင် မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးဝေ နှင့် သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးမင်းထိန်ဝင်း တို့က  အဖွင့်အမှာစကားများပြောကြားကြသည်။

အဆိုပါအခမ်းအနားသို့  တိုင်းဒေသကြီး ခရိုင် မြို့နယ် စိုက်ပျိုးရေးဦးဌာန တာဝန်ရှိသူများ၊ သင်တန်းဆရာ/ဆရာမများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီး သီးမှ သင်တန်းသူ သင်တန်းသားများတက်ရောက်ကြသည်။

သင်တန်းတွင် သင်တန်းသူ သင်တန်းသား (၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင်လ(၈) မှ (၁၂)ရက်နေ့အထိ (၅)ရက်ကြာမြင့်မည်ဖြစ်သည်။

ထုံးဘို၊ ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်းမှ နည်းပညာသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျှက်ရှိရာ ၂၀၁၄-၂၀၁၅ခုနှစ်မှ ယနေ့အချိန်ထိ သင်တန်း အကြိမ်ရေ စုစုပေါင်း(၁၁၉)ကြိမ်၊ တောင်သူပေါင်း (၁၄၇၁)ဦး၊ ဝန်ထမ်းပေါင်း(၂၃၀၃)ဦး၊ သင်တန်းသားဦးရေ စုစုပေါင်း(၃၇၇၄)ဦးအား နည်းပညာများဖြန့်ဖြူးပေးခဲ့ပြီး ရိတ်သိမ်း ချိန်လွန် နည်းပညာ(TOT) သင်တန်းတက်ပြီးသော ဝန်ထမ်းများမှ မိမိတို့တာဝန်ကျရာ ဒေသများတွင် ဆင့်ပွားသင်တန်းများ ပြုလုပ်လျှက်ရှိရာ ဆင့်ပွားသင်တန်း အကြိမ်ရေပေါင်း(၃၃၇)ကြိမ်၊ တောင်သူပေါင်း (၆၈၃၉)ဦး၊ ဝန်ထမ်းပေါင်း (၄၀၇၈)ဦး၊ စုစုပေါင်း(၁၀၉၁၇)ဦးတို့အား ရိတ်သိမ်းချိန်လွန်နည်းပညာများ ဖြန့်ဝေပြီး ဖြစ်ကြောင်း သတင်းရရှိသည်။