နိုင်ငံတော်အဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ (၁၁)ကြိမ်မြောက် အာဆီယံ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှု ပပျောက်ရေး ဆိုင်ရာ ဝန်ကြီးများ အဆင့်အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲ အခမ်းအနားသို့  တက်ရောက် မိန့်ခွန်းပြောကြား

(၁၁)ကြိမ်မြောက်အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ဖွင့်ပွဲ အခမ်းအနား ကို နိုဝင်ဘာလ  ၈ ရက်နေ့ နံနက်  ၉ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ  Horizon Lake View Resort Hotel ၌ ကျင်းပရာ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ  တက်ရောက် မိန့်ခွန်း ပြောကြားသည်။

             အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  သူရအောင်ကို၊ ဒေါက်တာ အောင်သူ၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာဝင်းမြတ်အေး နှင့် ဦးကျော်တင်၊ ဒုတိယ ဝန်ကြီး ဦးလှကျော်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှဝန်ကြီးများ၊ အာဆီယံ ဒုတိယ အတွင်းရေး မှူးချုပ်၊ သံတမန်များ၊ အာဆီယံနိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံနိုင်ငံ များ နှင့် ဆွေးနွေးဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

        အခမ်းအနားတွင် ဒုတိယသမ္မတ က မိမိတို့နိုင်ငံများသည် အာဆီယံအဖွဲ့ဝင် နိုင်ငံ များ ဖြစ်ကြသည်နှင့်အညီ အာဆီယံ နှင့် ဆက်စပ် သည့် အစည်းအဝေးများနှင့် လှုပ်ရှားမှုများကို အဖွဲ့ဝင်နိုင်ငံများတွင် အလှည့်ကျ ကျင်းပလေ့ရှိရာ ယခုနှစ်အတွက် အာဆီယံ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာဝန်ကြီးများ အဆင့် အစည်းအဝေး နှင့် ဆက်စပ် အစည်း အဝေး များကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပခွင့် ရသည့်အတွက် အထူး ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊  ၂၀၁၉ နှစ်အတွက် ယခုအစည်းအဝေးကြီးတွင် ဥက္ကဋ္ဌ တာဝန်ကို ရယူပြီး အစည်းအဝေးများကိုအောင်အောင် မြင်မြင် ကျင်းပနိုင်ရန်  ပံ့ပိုး ကူညီ ပေးခဲ့သည့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး နှင့် အဖွဲ့ဝင်နိုင်ငံများမှတာဝန်ရှိသူများကို မြန်မာ နိုင်ငံ အစိုးရ ကိုယ်စား ကျေးဇူးတင်ရှိ ပါကြောင်း။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ (၅၂)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊အာဆီယံအသင်းကြီးသည် တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှု၊ စဉ်ဆက်မပြတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အတူတကွသာယာဝပြောမှု၊ လူမှုရေးဖွံ့ဖြိုး တိုးတက်မှု တို့နှင့်ပြီးပြည့်စုံသည့် ဒေသကြီးတစ်ခုအတွင်း အတူတကွ ပေါင်းစည်းနေထိုင် ကြရန်၊ မိမိတို့၏ ပဓာနကျသည့် အကျိုးစီးပွားများ၊ စံနမူနာ ကောင်းများနှင့် ရည်မှန်းချက် များ ကို မြှင့်တင်ပေးကြရန်ဆိုသည့် တူညီဆန္ဒအပေါ် အခြေတည် ဖွဲ့စည်းထားသည့် ဒေသဆိုင်ရာ အဖွဲ့အစည်းကြီးလည်း ဖြစ်ပါကြောင်း၊ အာဆီယံမဏ္ဍိုင်ကြီး (၃)ရပ်၏ စုပေါင်းအင်အားသည် အာဆီယံကိုနိုင်ငံရေးအရ သဟဇာတ ဖြစ်စေပြီး စီးပွားရေးအရ ပေါင်းစည်းကာ လူမှုရေးအရ တာဝန်ယူမှုရှိသည့် ပြည်သူကို ဗဟိုပြု၊ ပြည်သူကို မျက်နှာမူ သည့် အသိုက်အဝန်းတစ်ရပ်ပေါ်ထွန်းရေးကို ထပ်လောင်းအားဖြည့်ပေးလျက်ရှိပါကြောင်း။

အာဆီယံ၏ မဏ္ဍိုင်ကြီးသုံးရပ်အနက် တတိယမဏ္ဍိုင်ဖြစ်သည့် အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းခေါင်းစဉ်အောက်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေးကဏ္ဍလည်းပါဝင်ပါကြောင်း၊ ဒေသတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲမှု ပပျောက်ရေးနှင့် သက်ဆိုင်သည့် ပြဿနာများကို ဖြေရှင်းခြင်း၊ ဒေသတွင်း ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေရေး ဆောင်ရွက်ခြင်းများ တွင် အဖွဲ့ဝင် နိုင်ငံတွေ အနေဖြင့် “အာဆီယံက အာဆီယံကို ကူညီသည့်စိတ်ဓာတ်”ဖြင့် အတူတကွ အားထုတ် လုပ်ဆောင် ပေးနေကြပါကြောင်း၊

ထိုသို့ဆောင်ရွက်ပေးရာတွင် အဖွဲ့ဝင် နိုင်ငံအသီးသီးက မိမိတို့နှင့် သက်ဆိုင်ရာ မူဝါဒများနှင့် အစီအစဉ်များကို ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေး နယ်ပယ် တွင် အကောင်အထည်ဖော်သည့် အခါ တွေ့ကြုံရသည့် စိန်ခေါ်မှု များ နှင့် အကောင်းဆုံး ဆောင်ရွက်နိုင်မှုများကို အဖွဲ့ဝင် နိုင်ငံများ အကြား မျှဝေပေးခြင်းလည်း ပါဝင်ပါကြောင်း၊ ထိုသို့မျှဝေ ပေးနိုင်ရေးအတွက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေးကို(၂)နှစ်တစ်ကြိမ်၊ အဆင့်မြင့်အရာရှိကြီးများအစည်း အဝေးကို (၁)နှစ် တစ်ကြိမ် အဖွဲ့ဝင်နိုင်ငံများ၌ အလှည့်ကျ ပုံမှန်ကျင်းပ၍ အတွေ့အကြုံများ မျှဝေဖလှယ်ကြပါကြောင်း၊ ဝန်ကြီးများ အဆင့်အစည်းအဝေးကို ကျင်းပလာခဲ့သည်မှာ  ယခုနှစ်ဆိုရင် (၁၁)ကြိမ်မြောက်ရှိပြီ ဖြစ်ပြီး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး သည် (၁၆) ကြိမ်တိုင် ရှိခဲ့ပြီဖြစ်ပါကြောင်း။

လူနေမှုဘဝမြင့်မားသည့် အာဆီယံအသိုက်အဝန်းကိုထူထောင်ရာတွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများသာမက ဆွေးနွေးဖက်(၃)နိုင်ငံဖြစ်သည့် တရုတ်၊ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံ တို့ကလည်း ပါဝင်ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်ကိုကျေးဇူးတင်ဖွယ်တွေ့ ရှိရပါ ကြောင်း၊ ၂ဝ၁၈ ခုနှစ် အောက်တိုဘာလတွင် အာဆီယံ+၃ ကျေးရွာ ခေါင်းဆောင်များ အပြန်အလှန်လေ့လာရေးခရီးစဉ်ကို ကွာလာလမ်ပူတွင် ကျင်းပ နိုင်ခဲ့ခြင်း သည် ကျေးလက် လူမှုအသိုက်အဝန်း ဖွံဖြိုးလာစေရေး အဓိပ္ပာယ် ပြည့်ဝ သည့် အစီအစဉ်တစ်ခု ဖြစ်ပါ ကြောင်း။

အလားတူ 12th ASEAN-China Forum on Social Development and Poverty Reduction နှင့် ASEAN-China-UNDP Symposium on Localisation of SDGs and Realisation of Poverty Eradication များကို၂ဝ၁၈ ခုနှစ်ထဲတွင် ကျင်းပနိုင်ခဲ့ခြင်းသည် ဆင်းရဲမှုပပျောက်ရေးအတွက် အဓိကကျသည့် အစီအစဉ်များဖြစ်ခဲ့ပါကြောင်း၊ အာဆီယံ+၃ အပြင် Asian Partnership for the Development of Human Resources in Rural Asia (AsiaDHRRA) တို့ကဲ့သို့ အရပ်ဖက်အဖွဲ့အစည်းများနှင့်လည်း ကျေးလက် ဒေသ ဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ကျေးလက် ဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှုလျှော့ချရေးနယ်ပယ်တွင် ပုဂ္ဂလိကကဏ္ဍ ပါဝင်လာအောင် ဆွဲဆောင်စည်းရုံး လုပ်ဆောင်သွားကြရမည် ဖြစ်ပါကြောင်း၊ အစိုးရ၊ အရပ်ဖက် အဖွဲ့အစည်း၊ ပုဂ္ဂလိကနှင့်  ကျေးလက်လူ့အဖွဲ့အစည်းများ အတူတကွ ပူးပေါင်း ဆောင်ရွက်ပြီး အတွေ့အကြုံများကို အပြန်အလှန် မျှဝေလာနိုင်သည်နှင့်အမျှ အာဆီယံ ဒေသရှိ ကျေးလက်ပြည်သူများ ၏ လူမှုဘဝသည် မြင့်မားသည်ထက် မြင့်မားလာမည် ဖြစ်ပါကြောင်း။

ယခုနှစ် ကျင်းပမည့် အစည်းအဝေးများနှင့် တွဲဖက်၍ အာဆီယံ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အာဆီယံ + ၃ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ (၈) ကြိမ်မြောက် အာဆီယံဖိုရမ်၊ Gender Mainstreaming Workshop on Rual Development and Poverty Eradication၊ (၄) ကြိမ်မြောက်အာဆီယံ ခေါင်းဆောင်မှု ဆုချီးမြှင့်ပွဲများ ကို ပူးတွဲကျင်းပသွားမည် ဖြစ်ပြီး ကွင်းဆင်းလေ့လာရေး ခရီးစဉ်များကိုလည်း စီစဉ်ထားရှိပါကြောင်း၊ ကျင်းပခဲ့သည့်အစီအစဉ်များတွင် တက်ရောက် ဆွေးနွေးများကို ကြည့်မည်ဆိုပါက အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အစိုးရ ကိုယ်စားလှယ်များ သာမက အစိုးရမဟုတ်သည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စား လှယ်များ လည်း ပါဝင်တက်ရောက်ကြသည်ကို ကြည့်မည် ဆိုလျှင် မိမိတို့ အာဆီယံ အဖွဲ့ကြီး က  ရည်မှန်းသည့် ပြည်သူကိုဗဟိုပြုသော၊ ပြည်သူကို မျက်နှာမူသည့် အသိုက် အဝန်းဖြစ်လာစေရေးဆိုသည့် ရည်မှန်းချက်ကို အထောက်အကူ ပြုနေသည်မှာ ထင်ရှားလှပါ ကြောင်း။

          ယခုနှစ် အစည်းအဝေးများကို “စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်အောင်မြင်ရေး၊ တုံ့ပြန် စွမ်းအားကောင်းသော ရပ်ရွာများထူထောင်ပေး” ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးကဏ္ဍကို အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းအောက်တွင် စတင်ဆောင်ရွက်စဉ်ကတည်းက ကုလ သမဂ္ဂမှချမှတ်ထားသည့် ထောင်စုနှစ်ဖွံ့ဖြိုးရေးပန်းတိုင်များပြည့်မီရေးအတွက် အာဆီယံ ၏အားထုတ်မှုများကို အားဖြည့်ပေးရန်ရည်ရွယ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂ဝ၃ဝ ခုနှစ်တွင် ပြည့်မီရမည့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး ပန်းတိုင်များ ပြည့်မီစေရန် ထပ်မံအားထုတ်သည့် နေရာတွင် အထောက်အကူပြုစေရေး အတွက် ယခုဆောင်ပုဒ်ကို ချမှတ်လိုက်နာ အကောင်အထည်ဖော်ရန် စီစဉ်ရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ အစည်း အဝေးတွင် ယခုဆောင်ပုဒ်ကိုဦးတည်၍ အာဆီယံဒေသတွင်းရှိ ကျေးလက် ဒေသ များ အမြန်ဖွံ့ဖြိုးလာစေမည့်၊ ဆင်းရဲမှုနှုန်းကို တစ်နှစ်ထက်တစ်နှစ် သိသိသာသာ လျှော့ချ လာနိုင်စေမည့်အကြံဉာဏ်ကောင်းများ၊ မိမိတို့နိုင်ငံများ၏ အောင်မြင်မှု အတွေ့ အကြုံများ နှင့် အဖွဲ့ဝင် နိုင်ငံတွေ ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အားတက် သရော ဆွေးနွေး မျှဝေပေးကြရန် မေတ္တာရပ်ခံ တိုက်တွန်းလိုပါကြောင်း။

မိမိတို့ အဖွဲ့ဝင်နိုင်ငံများရှိ ပြည်သူအများစုသည် ကျေးလက်ဒေသများတွင် နေထိုင် ကြပြီး ဆင်းရဲမှုနှုန်းမြင့်မားကြသည့်အတွက် ၄င်းတို့၏ လူနေမှုဘဝမြင့်မားရေးနှင့် ဆင်းရဲမှု ပပျောက်ရေးကို အဖွဲ့ဝင်နိုင်ငံအစိုးရအသီးသီးကဦးစားပေးဆောင်ရွက်ရန် လိုအပ်နေချိန် တွင် ယခုကဲ့သို့ အစည်းအဝေးများမှ ရရှိသည့် ရလဒ်များက လုပ်ငန်းများ အောင်မြင် ထိရောက် ရေးကို ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်သည့်အတွက် ၂ဝ၃ဝ ခုနှစ် မတိုင်မီ အာဆီယံ အဖွဲ့ဝင် နိုင်ငံအားလုံးရှိ ကျေးရွာများအားလုံး ဆင်းရဲမှုမှ လွတ်ကင်း ဖွံ့ဖြိုးလာရန် မိမိတို့အတူတကွ ကြိုးစားအားထုတ်ကြပါစို့ဟု တိုက်တွန်းပါကြောင်း ပြောကြားသည်။

        ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့် ASEAN Secretariat , ASEAN Socio-Cultural Community , အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ် Mr.Kung Phoak တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံ များ က ခင်းကျင်း ပြသထားသည့် Exhibition Booths များကို လှည့်လည်ကြည့်ရှုကြသည်။