ပြည်ထောင်စုအဆင့်သတင်း

စိုက်ပျိုး မွေးမြူရေးဆိုင်ရာ လုပ်ငန်းများတွင်  ပူးပေါင်း ဆောင်ရွက်မှုဖြင့် အခက်အခဲကြားမှ အခွင့်အလမ်းများ ဖော်ဆောင် ပေးနိုင်ရေးကြိုးပမ်း ။

              ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံက ရင်ဆိုင်ကြုံတွေ့နေရသည့် Covid-19 ကူးစက် ရောဂါကြောင့် နိုင်ငံ၏ အခြေခံကျသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းကဏ္ဍ အပေါ် သက်ရောက်လာနိုင်မည့် အခက်အခဲများအား တုံ့ပြန် ဆောင်ရွက်နိုင်ရန် နှင့် ပူးပေါင်း ဆောင်ရွက်မှုဖြင့် အခက်အခဲကြားမှ အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေးလုပ်ငန်းစဉ်များချမှတ်နိုင်ရန် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းပါဝင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် Video Conferencing ဖြင့် ဆွေးနွေးခြင်းအစီအစဉ်အား မေလ (၈)ရက်နေ့ မွန်းလွဲ ၁ နာရီက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တွင်ကျင်းပပြုလုပ်သည်။

ဒုတိယဝန်ကြီး က လတ်တလော တုန့်ပြန်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ နှင့် ကူးစက်‌ရောဂါ ထိန်းချုပ်နိုင်ပြီး နောက်ပိုင်း ကာလများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရာ၌ ကဏ္ဍအသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရေးဆွေးနွေးပြောကြားသည်။

အဆိုပါ အစီအစဉ်တွင် လယ်ယာကဏ္ဍကျွမ်းကျင်သူများ ၊ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ ၊ စိုက်ပျိုးရေး သွင်းအားစု လုပ်ငန်းရှင်များ ၊ မျိုးစေ့လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ပြီး Video Conferencing မှတဆင့် ကဏ္ဍအလိုက် ပါဝင်ဆွေးနွေး ကြသည်။

ဆွေးနွေးပွဲတွင် ဆန်စပါး စိုက်ပျိုးစရိတ်ချေးငွေဆိုင်ရာကိစ္စရပ်များ ၊ ဆန်စပါးစျေးကွက် အခြေအနေများ၊ စိုက်ပျိုးရေးသွင်းအားစုလုပ်ငန်းများဆိုင်ရာ လိုအပ်ချက်များ၊ အရေးကြီးသီးနှံများ စိုက်ပျိုးစရိတ်ချေးငွေဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးထုတ်လုပ်သူများ ၏ ထုတ်လုပ်မှု ပမာဏ နှင့် စျေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်ရန်လိုအပ်ချက်များ၊ စားနပ်ရိက္ခာဖူလုံရေး နှင့် စိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှုကို အခြေခံသည့် အလုပ်အကိုင်အခွင့်အလမ်း ဆောင်ရွက်နိုင်ရေး၊ ဦးစားပေးသီးနှံ အမယ်အလိုက် ထောက်ပံ့အားပေးမှု  ဆောင်ရွက်နိုင်ရေး၊  စိုက်ပျိုး မွေးမြူ ထုတ်လုပ်မှု ၊ ထွက်ရှိမှု ၊ သိုလှောင်မှု ၊ ဖြန့်ဖြူးမှု နှင့် လေလွင့်မှုဆိုင်ရာ  တိကျသည့် သတင်းအချက်အလက် စုစည်းနိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုး မွေးမြူရေး သွင်းအားစုများ နှင့် စိုက်ပျိုး မွေးမြူရေး ထွက်ကုန်များ တင်သွင်း တင်ပို့မှု လျင်မြန်ချောမွေ့စေရေး အစီအမံများ ထည့်သွင်း ရေးဆွဲနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။