နယ်သတင်းများ

ကရင်ပြည်နယ်အတွင်း လယ်ယာ အထောက်အကူပြုဝန်ဆောင်မှု သမဝါယမအသင်းများက လယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်

         COVID – 19 ရောဂါကူးစက်ပြန်ပွားမှုများ ဖြစ်ပေါ်နေချိန်တွင် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ တောင်သူလယ်သမားများအတွက် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စွာဆောင်ရွက်နိုင်ရန် ဘားအံမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်ရှိ လယ်ယာ အထောက်အကူပြုဝန်ဆောင်မှု သမဝါယမအသင်းများမှ နွေစပါး၊ မိုးစပါးများ အလှည့်ကျ စိုက်ပျိုးရန်၊ မြေသားပြုပြင်ခြင်း၊ တမန်းနိုးခြင်း၊ အငှားဝန်ဆောင်ထွန်ယက်ပြုပြင်ပေးခြင်း၊ အလေအလွင့်အနည်းဆုံးဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်း၊ ကြိတ်ခွဲခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် ဇာသပြင် ကော့ကျိုက်ကျေးရွာတွင် လယ်ယာမြေ (၃၅)ဧက၊ နောင်လုံအနောက်ကျေးရွာတွင် လယ်ယာမြေ(၂၅)ဧက၊ သံလှယ်ကော့ပနော့ ကျေးရွာတွင် လယ်ယာမြေ (၇၇) ဧက၊ တရုတ်လှကျေးရွာတွင် လယ်ယာမြေ(၁၆၂ .၅)ဧက၊ ထုံးအိုင်ကျေးရွာတွင် လယ်ယာမြေ(၁၇၁) ဧက၊ ဝင်းကြံကျေးရွာတွင် လယ်ယာမြေ(၂၅)ဧက သံလွင်မြစ်အနောက်ဘက်ခြမ်း ကုန်းတန်းကြီးကျေးရွာ တွင် လယ်ယာမြေ(၁၇၁)ဧက၊ ရေကျော်ကြီးကျေးရွာတွင် (၄၀)ဧက၊  မြိုင်ကျေးရွာတွင် လယ်ယာမြေ (၁၆၀)ဧက၊ လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင် (၅၅)ဧက၊ စုစုပေါင်း(၉၂၁.၅) ဧကအား မြေယာပြုပြင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး  ဘားအံမြို့နယ်  ကော့ပနော့၊ ခရားသံလှယ်၊ ကော့ဝါးဆူးကျေးရွာများ မွန်ပြည်နယ် ဘီလူးကျွန်း၊ ချောင်းဆုံ၊ ကမာကေးကျေးရွာ၊ ဘားအံမြို့နယ်  ရွှေတောကျေးရွာ၊ လှိုင်းဘွဲ့ မြို့နယ် ဒိုင်းပြကျေးရွာ၊ ကော့မြတ်ကြီး ကျေးရွာများရှိ (၁၆၅၁) ဧကတို့အား ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်း အား ဆောင်ရွက်လျက်ရှိပြီး  တောင်သူလယ်သမားဦးကြီးများအနေဖြင့် မိမိတို့၏လယ်ယာလုပ်ငန်းများမှ ထွက်ရှိလာမည့် နွေစပါးနှင့် မိုးစပါးများ အချိန်မီထွန်ယက်စိုက်ပျိုး ရိတ်သိမ်းခြွေလှေ့လိုပါက လယ်ယာ အထောက်အကူပြုဝန်ဆောင်မှု သမဝါယမအသင်းများမှ နေရာဒေသမရွေး သင့်လျော်သော ဈေးနှုန်းများဖြင့် အခက်အခဲမရှိ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။