စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ်လ ၆ ရက်နေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့ ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း မိုးကာလမရောက်မီ သဘာဝဘေး ကာကွယ်ရေးအတွက် တာတမံများ ကြံ့ခိုင်ရေး ကိစ္စရပ် များနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်မှု အခြေအနေများ နှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအားဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးရာတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ဧရာဝတီ တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး ဆည်တာတမံနှင့် ကျွန်းပတ်တာများကြံ့ခိုင်ရေးဆောင်ရွက်ရန်လုပ်ငန်းစဉ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကျေးလက် ကုန်ထုတ်လမ်းနှင့် ကျေးလက်ရေပေးဝေရေးဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်ရေပေးဝေရေးလုပ်ငန်း၊ ကျေးလက်ကုန် ထုတ်လမ်း၊ ကျေးလက်မီးလင်းရေးလုပ်ငန်း၊ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်း တိုးချဲ့ ဆောင်ရွက်ရန် လျာထားမှုများအား ဆွေးနွေးကြသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ်မြို့ မရမ်းချောင်း ရှိ ပုသိမ်မြို့ ရေပေးဝေရေးစီမံကိန်း(Water Treatment Plant) လုပ်ငန်းခွင် စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိကြပြီး ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA) ODA Loan ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်သည့် ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု အခြေအနေများ နှင့် စီမံဆောင်ရွက် သွား မည့် အစီအစဉ်များအား တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။ ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အဆောက်အဦး၏ အရည်အသွေးပိုင်းဆိုင်ရာအား အဓိကထိန်းသိမ်း ဆောင်ရွက်ရေး၊ စီမံကိန်းလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းစေရေး ၊ စီမံကိန်းအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်စေရေးအတွက် အကြံပေးပညာရှင်များ၊ နည်း ပညာပိုင်းဆိုင်ရာပညာရှင်များ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အားလုံးတို့က ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ချက် များ၊ ရေပေးဝေရေးစီမံကိန်းမှ ပုသိမ်မြို့တွင်း အရည်အသွေးပြည့်ဝသည့် ရေကောင်း ရေသန့်များ ဖြန့်ဝေပေးနိုင်ခြင်းဖြင့် တိုင်းဒေသကြီး ရန်ပုံငွေကို ပြန်လည်ဖြည့်ဆည်းပေး နိုင်မည့် အခြေအနေများအား ဆွေးနွေးမှာကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်မှုအခြေအနေ များအား ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
၎င်းနောက် ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် လုပ်ငန်းခွင် ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားသည်။ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မူလခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာရှိ မြေဂဝံ အမျိုးအစား ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှုကိုလည်းကောင်း၊ ကျောင်းကုန်းမြို့နယ် ကံကလေးအုပ်စု မျိုးစေ့ချကိရိယာဖြင့် ဆောင်ရွက်သည့် ၁၀ ဧက စံပြ ကွက် စိုက်ပျိုးထားရှိမှု ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ မေးမြန်းဆွေးနွေး ကာ လိုအပ်ချက်များအား တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။