ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စနစ်ကျလယ်မြေ(၁၅၀)ဧက ဖော်ထုတ် ၊ တောင်သူများထံ လွှဲပြောင်းပေးအပ်

စနစ်ကျလယ်မြေ(၁၅၀)ဧက ဖော်ထုတ်ရေးလုပ်ငန်း နှင့် တောင်သူများထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ပက်တန်းကျေးရွာ၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။

               အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်၊ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေး၊သယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသနေ တောင်သူများ စုံညီစွာ တတ်ရောက်ကြသည်။

             ရှေးဦးစွာ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေး ကြသည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မြင့်မားမှု၏ အဓိကသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍဖြစ်ပြီး ဧရာဝတီ တိုင်းဒေသကြီးသည် မြန်မာ့ဆန်စပါးအထွက်နှုန်းများသည့် သဘာဝရေမြေ အခြေနေ ကောင်းသည့် ဒေသ တစ်ခု ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန အနေဖြင့် လယ်ယာကဏ္ဍ၊ အသား၊ ငါးကဏ္ဍ၊ ကျေးလက်ကဏ္ဍ တို့၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဧရာဝတီအထက်ပိုင်း၊ ဟင်္သာတ အလယ်ပိုင်း၊ မြစ်ဝ ကျွန်းပေါ်ဒေသ စသည့် အပိုင်း ၃ ပိုင်းတွင် ဆန်စပါး နှင့် လယ်ယာ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ ရာသီဥတု ပြောင်းလဲ သက်ရောက် မှုကြောင့် သဘာဝ ဘေးဒဏ်ကို နှစ်စဉ် ခံစားရမှုများ ရှိနေပြီး အခြားတစ်ဘက်တွင်လည်း အကြောင်း အမျိုးမျိုးဖြင့် လယ်ယာမြေဆုံးရှုံးမှုများ ဖြစ်ပေါ် လျက်ရှိနေမှုများကြောင့် ထုတ်လုပ်မှု ပမာဏကို ထိခိုက်မှုမရှိစေရေး ကြိုးပမ်းနေရပါကြောင်း ၊ စိုက်ပျိုးရေအတွက် ဆည် တာတမံများ တည်ဆောက်ပေးခြင်း၊ ဆည်ရေသောက်စနစ်များဖွံ့ဖြိုးလာရေးဆောင်ရွက် ခြင်း၊ ရှားပါးလာ သည့် လယ်ယာလုပ်သားများ နေရာတွင် အစားထိုးနိုင်ရန် လယ်ယာသုံး စက်ကိရိယာများ အသုံးပြုနိုင်ရေး ဆောင်ရွက် ပေးခြင်း တို့ကိုလည်း သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ ဒေသလိုအပ်ချက်နှင့် ကိုက်ညီဖြည့်ဆည်းနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခု ဇလွန်မြို့နယ် တွင် စက်မှုလယ်ယာစနစ်ကျ လယ်မြေ ဧက (၁၅၀) ဖော်ထုတ်ပြီးစီး၍ တောင်သူ များထံ လွှဲပြောင်းပေးအပ်နိုင်ခြင်းမှာ ဇလွန်မြို့နယ် ပက်တန်းကျေးရွာအုပ်စု မှ တရုပ်ရိုးကျေးရွာ နှင့် တင်းကုတ်စုကျေးရွာ များရှိ ဒေသခံတောင်သူများ၏ အောင်မြင်မှုရလဒ်ဖြစ်ကြောင်း၊ နိုင်ငံတော် က ပံ့ပိုးဆောင်ရွက်ပေးမှုနှင့်အတူ ဒေသနေပြည်သူများအနေဖြင့် စက်မှု လယ်ယာ စနစ်ကျ လယ်မြေအား လက်ဝယ်ပိုင်ဆိုင်ပြီးလျှင် ရေရှည်တည်တံ့စေရေး၊ သင့်လျော် ကိုက်ညီ သည့် သီးနှံများ စဉ်ဆက်မပြတ် စိုက်ပျိုးစေရေး၊ အထွက်နှုန်း ပို၍ ပို၍ တိုးတက်​စေရေး တို့အတွက် မိမိတို့အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်မှုစိတ်ဓါတ် အပြည့်အဝ ထားကာ ဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီး ဦးတင်အောင်ဝင်း က စက်မှုလယ်ယာ စနစ်ကျ လယ်ယာမြေဖော်ထုတ်ရေးလုပ်ငန်း ဆောင်ရွက်ထားသည့် စနစ်ကျလယ်မြေ (၁၅၀)ဧက ဖော်ထုတ်ရေးလုပ်ငန်းနှင့် တောင်သူများထံ လွှဲပြောင်းပေးအပ်ပွဲ နှင့် ပတ်သက်၍ တောင်သူများ ၏ လူမှုစီးပွားဘဝ တိုးတက်စေရေး တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ဘက်ပေါင်းစုံမှ ဆောင်ရွက် ပေးနေမှုကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင် က စက်မှု လယ်ယာ စနစ်ကျလယ်မြေ (၁၅၀)ဧက ဖော်ထုတ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုအခြေ အနေ၊ စနစ်ကျလယ်မြေ မဖော်ထုတ်မီနှင့်ဖော်ထုတ်ပြီးအခြေအနေများ၊ စနစ်ကျလယ်မြေ အတွင်း ရေပေးမြောင်း၊ ရေနုတ်မြောင်း၊ ကုန်ထုတ်လမ်းများ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ လည်းကောင်း၊ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း က ဇလွန်မြို့နယ် အတွင်း စနစ်ကျလယ်မြေ (၁၅၀)ဧက ဖော်ထုတ်ရေးလုပ်ငန်း စတင်ဖြစ်ပေါ်လာမှု အခြေ အနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ စက်မှုလယ်ယာ စနစ်ကျလယ်မြေ(၁၅၀)ဧက ဖော်ထုတ်ရေးလုပ်ငန်း ဆောင်ရွက် ခဲ့ရာ တွင် ပြီးစီးအောင်မြင်အောင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ပြီး အမှတ်တရဓါတ်ပုံ ရိုက်ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်မှုလယ်ယာစနစ်ကျလယ်မြေ (၁၅၀) ဧက ဖော်ထုတ်ရေး လုပ်ငန်းခွင်ကိုလည်းကောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ က ခင်းကျင်းပြသထားသည့် စိုက်ပျိုးရေးကဏ္ဍ၊ ကျေးလက်ကဏ္ဍ၊ မွေးမြူရေး ကဏ္ဍနှင့် စက်မှုလယ်ယာကဏ္ဍဆိုင်ရာ ပြခန်းများ၊ပုဂ္ဂလိက ကုမ္ပဏီများမှ ပြသ ထားသည့် လယ်ယာသုံး စက်ကိရိယာများ၊ ထွန်စက်များ၊ ရိတ်သိမ်း ခြွေလှေ့စက်များ၊ ပိုးသတ်ဆေး၊ ဓါတ်မြေသြဇာ ပြခန်းများကို ကြည့်ရှုအားပေးပြီး စနစ်ကျလယ်မြေ ဖော်ထုတ်ရေး လုပ်ငန်း ဆောင်ရွက်ထားသည့်စနစ်ကျလယ်မြေ (၁၅၀) ဧက အား မြေပြင်ကွင်းဆင်း ကြည့်ရှု အားပေးကြသည်။

အဆိုပါ စနစ်ကျလယ်မြေ(၁၅၀)ဧကသည် ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ပက်တန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၀၇)၊ (၁၆၀၈)၊ ပျဉ်းမကုန်း-ရှမ်းစု ရွာချင်းဆက်လမ်းမှ ပျဉ်းမကုန်းအနောက် – ပက်တန်း- တံခွန်တိုင်-မဟာသာ-ဆင်မြေစား ရွာသွားလမ်းဘေး တွင် တည်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စက်မှုလယ်ယာဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ် ပြည်ထောင်စုရန်ပုံငွေဖြင့် စက်မှုလယ်ယာ စနစ်ကျလယ်မြေ (၃၀၀)ဧကအား ပြုပြင်ဆောင်ရွက်ခြင်း လုပ်ငန်း အတွက် တစ်ဧက (၁၂)သိန်းနှုန်းဖြင့် ပါရှိခဲ့ပြီး ဇလွန်မြို့နယ် ပက်တန်းကျေးရွာအုပ်စုတွင် (၁၅၀)ဧကအား လျာထား ဆောင်ရွက်ခြင်း ဖြစ်သည်။ နိုင်ငံ​တော်အစိုးရအ​နေဖြင့်​ တောင်သူများအတွက် စနစ်ကျလယ်ယာ​မြေ​ဖော်ထုတ်​ရေး လုပ်ငန်း များအပေါ် အား​ပေးကူညီ​ဆောင်ရွက်​ပေးလျက်ရှိရာ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်မှ ယ​နေ့ထိ စက်မှုလယ်ယာစနစ်ကျ လယ်ယာ​မြေ​ (၂၃၈၁၅)ဧက ပြုပြင်​ဆောင်ရွက်​ပေးခဲ့ပြီးဖြစ်သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်လတွင် ဖော်ထုတ် ပြီးစီးသည့် စနစ်ကျလယ်မြေတွင် မိုးသီးနှံ၊ ဆောင်းသီးနှံ၊ နွေသီးနှံ(၃)သီး စိုက်ပျိုးနိုင်မည်ဖြစ်ကာ စက်ကိရိယာများ ရာခိုင်နှုန်းပြည့် အသုံးပြု စိုက်ပျိုးနိုင်မည် ဖြစ်သည်။ ကုန်ထုတ်လမ်း၊ မြောင်းများအတွက် တောင်သူများက အချိုးကျထည့်ဝင်မှု ၇ ရာခိုင်နှုန်းရှိပြီး လုပ်ငန်း အပြီးသတ်ဆောင်ရွက်ပြီးပါက တောင်သူကိုယ်စားလှယ် ကော်မတီသို့ လွှဲပြောင်း ပေးအပ် သွားမည်ဖြစ်သည်။

             ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇလွန်မြို့နယ် ပတ်တန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်း ကျေးရွာ တစ်အိမ်သုံးဆိုလာစနစ် ICB- 3 ဖြင့် မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုအားပေးပြီး ဓနုဖြူမြို့နယ် လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း ရန်ပုံငွေဖြင့် သပြုကျေးရွာအုပ်စု ကဇင်းတောကျွန်းကျေးရွာ KG ကျောင်းဆောင် (40’×30’×12′) တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်၍ ကျေးရွာ ကော်မတီများနှင့် တွေ့ဆုံကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။