ပြည်ထောင်စုအဆင့်သတင်း လယ်ယာကဏ္ဍ

ကောင်းမွန်သော မြေယာ စီမံခန့်ခွဲရေး ကိစ္စနှင့် ပတ်သက်၍ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံတွင် လယ်ယာ ဥယျာဉ်ခြံမြေများကို စည်းကမ်းမဲ့စွာ အကွက်ဖော် ရောင်းစား နေကြခြင်းတို့ကြောင့် စိုက်ပျိုးမြေများလျော့နည်းသွားနိုင်ခြင်း၊ မြို့ပေါ်နှင့် ကျေးရွာများ တွင် နောင်တချိန်လိုအပ်ပါက အသုံးပြုရန်ချန်လှပ်ထားသော မြေလွတ်များ ပျောက်ဆုံးကုန်ခြင်း စသည့် ကိစ္စရပ်များအပေါ် ဥပဒေနှင့်အညီ တားဆည်းကာကွယ် နိုင်ရေးနှင့် တိုးတက်ဖွံ့ဖြိုး လာသော မြို့များ ရွာများ၌ မြို့ပြစီမံကိန်းများ ၊ ကျေးရွာစီမံကိန်းများ ရေးဆွဲပြီး စနစ်တကျ ဆောင်ရွက်နိုင်ကြစေရေး၊ ထိုသို့ဆောင်ရွက်ရာ၌လည်း မသမာသော နည်းလမ်းဖြင့် ပုဂ္ဂလိကအကျိုးစီးပွား အသုံးချခြင်းတို့မှ ကာကွယ်ရန်  သက်ဆိုင်သူအားလုံး တို့က အဂတိ ကင်းစွာဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်က နေပြည်တော် ရုံးအမှတ် ၁၅ ၌ ကျင်းပပြုလုပ်သည့် ကောင်းမွန်သော မြေယာစီမံ ခန့်ခွဲရေးကိစ္စနှင့် ပတ်သက်၍ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

ကောင်းမွန်သော မြေယာစီမံခန့်ခွဲရေးကိစ္စနှင့် ပတ်သက်၍ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဝန်ကြီး ဉီးလှကျော် ၊ အမြဲတမ်းအတွင်း ဝန်များ နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဆောက်လုပ်ရေးဝန်ကြီးဌာန၊နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၊ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် စိုက်ပျိုးနိုင်သည့် လယ်ယာမြေများအား အခြားနည်း သုံးစွဲခွင့်များ လျှောက်ထားပြီး လူနေအိမ်ရာများ၊ စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံစရာ မြေကွက်များ အဖြစ် လုပ်ဆောင်လာမှု၊ မြို့ပေါ် နှင့် ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ချန်လှပ်ထားခဲ့သည့် မြေနေရာလွတ်များ၊ စားကျက်မြေများ နှင့် ချောင်းနံဘေး၊ မြစ်ကမ်းနံဘေးများတွင် စည်းကမ်းမဲ့စွာ အသုံးပြုမှုများ မဖြစ်စေရေးတို့ အတွက် မြို့နယ်အလိုက်ဖွဲ့စည်းထားသည့် စီမံခန့်ခွဲမှု ကော်မတီ၊ စည်ပင်သာယာရေး ကော်မတီ နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ ပူးပေါင်းပြီး အဂတိတရားကင်းရှင်းစွာဖြင့် ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်နိုင်ရေးအတွက် မြေယာစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။ လက်ရှိ မြေယာများကို စီမံခန့်ခွဲရာတွင် ဒေသဆိုင်ရာ ဖွံ့ဖြိုးလာမှု၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ မြှင့်တင်စေမှု နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အတွက် သစ်တော နယ်မြေများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ လိုအပ်မှုများကိုပါ ထည့်သွင်းစဉ်း စားဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။