ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဦးလှကျော် ဟင်္သာတခရိုင် အတွင်း မြစ်ကမ်း ကာကွယ်ခြင်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး

               စိုက်ပျိုးရေး၊မွေးမြူ‌ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် သည် တိုင်းဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် ဦးကျော်စိုး ၊ ဌာနဆိုင်ရာတာဝန် ရှိသူ များနှင့်အတူ မတ်လ ၆ ရက်နေ့ ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီး ဟင်္သာတကမ်းနား တာသို့ ရောက်ရှိကြပြီး   ကမ်းပြိုကမ်းစားမှုမှ ကာကွယ်ရန် မြစ်ကမ်း ကာကွယ်ခြင်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးရာ စီမံကိန်းရှင်းလင်းဆောင်တွင် ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစံမင်း က ဟင်္သာတ ကမ်းနားတာ တာမိုင် ၄မိုင်-၃ဖာလုံ မှ ၅မိုင်-၂ဖာလုံ အတွင်း ကမ်းပြိုကမ်းစားမှုမှ ကာကွယ်ရန် မြစ်ကမ်းကာကွယ်ခြင်းနှင့် ဖြတ်တာ တည်ဆောက်ရေး ဆောင်ရွက်မှု အ‌ခြေအနေများ၊ ဟင်္သာတ ကမ်းနားတာ ရေတိုက်စားမှု  နှုန်းများ ၊ မြစ်ကြောင်းအတွင်း ဦးတည်တိုက်စားမှု အခြေအနေများ၊ ဧရာဝတီ ဟင်္သာတ တာမိုင် ၀ မိုင် မှ ၄ ဖာလုံ အတွင်း တာပုံစံကျ ပြုပြင်ခြင်း၊ အိပ်ပျက်တာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ နှင့် စပ်လျဉ်း၍ လုပ်ငန်းလျာထားချက် ပြည့်မီစေရန် ကြိုးပမ်းဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြသည်။ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီး က မှာကြားရာတွင် ဧရာဝတီမြစ် မြစ်ကြောင်း ပြောင်းလဲမှုများကြောင့် ဧရာဝတီမြစ်ကမ်းပါး တိုက်စားမှုများ နှစ်စဉ်နီးပါး ဖြစ်နေခဲ့ရသဖြင့် စိုက်ပျိုးမြေနှင့် လူနေအိမ်ခြေများ ထိခိုက်ဆုံးရှုံးမှုများစွာ ရှိနေကြာင်း၊ ဟင်္သာတမြို့နယ်အတွင်း အမြင့်ဆုံး တက်ရောက်ခဲ့သည့် ရေမှတ်စာရင်းများကို ကိန်း ဂဏန်းအချက်အလက် မှန်ကန်စွာနှင့် အချိန်နှင့် တပြေးညီ  ဖော်ပြနိုင်ရန်နှင့် ထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ ဟင်္သာတ ကမ်းနားတာ ကမ်းပါးပြိုမှုအား ထိန်းသိမ်းခြင်း နှင့် မြစ်ကမ်းကာကွယ်ခြင်းဆိုင်ရာ လုပ်ငန်းများ အား ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနတို့ ပူးပေါင်းကာ အနီးကပ် ကြီးကြပ် အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံးရှိ လယ်မြေဧကများနှင့် ဒေသခံပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်များကို ရေဘေးအန္တရာယ်ကျ ရောက်မှုမှ ကာကွယ်နိုင်ရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်က ပံ့ပိုးဆောင်ရွက်မှုဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ပိုးဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းညှိနှိုင်း စီမံဆောင်ရွက်လျက်ရှိသည် နှင့်အတူ ဒေသနေပြည်သူများကလည်း အတူဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ မြစ်ကမ်းပါး ပျက်စီးမှုများအား ကာကွယ်ရန် ဖြတ်တာတည်ဆောက် ခြင်း လုပ်ငန်းကိုလည်း တတ်နိုင်သမျှ အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက် ကြစေလိုကြောင်း၊ မြစ်ကမ်း ကာကွယ်ခြင်း၊ ဖြတ်တာတည်ဆောက်ခြင်း၊ တာပုံစံကျ ပြုပြင်ခြင်း လုပ်ငန်းများအား ရေရှည် တည်တံ့ခိုင်မာစေရေးကို ရှေးရှုကာ စီမံခန့်ခွဲမှု အားကောင်းကောင်းဖြင့် ထိန်းသိမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အလေးပေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတကမ်းနားတာ တာမိုင် ၄မိုင်-၃ဖာလုံ မှ ၅မိုင်-၂ဖာလုံ အတွင်း ကမ်းပြိုကမ်းစားမှုမှ ကာကွယ်ရန် မြစ်ကမ်း ကာကွယ်ခြင်းနှင့် ဖြတ်တာ တည်ဆောက်ရေး လုပ်ငန်းခွင်ကိုလည်းကောင်း၊ ဧရာဝတီ ဟင်္သာတကမ်းနားတာ တာမိုင် ၀ မိုင် မှ ၄ ဖာလုံ အတွင်း တာပုံစံကျ ပြုပြင်ခြင်း ၊ အိပ်ပျက်တာလုပ်ငန်း ဆောင်ရွက်နေမှုများ ကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ  ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကြည်‌ဆွေ နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြရာ ဒုတိယဝန်ကြီး က  လိုအပ်ချက်များအား ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဧရာဝတီမြစ် အတွင်း မြစ်ကြောင်းပြောင်းလဲမှုကြောင့် ကမ်းပြိုစားမှု ဖြစ်ပေါ်နေခြင်းအား ပြုပြင် ဆောင်ရွက်ရန် လုပ်ငန်းများဖြစ်သည့် မြစ်ကမ်းကာကွယ်ရေးလုပ်ငန်းများ၊ တာအိ တာလျှော ကာကွယ်ရေး လုပ်ငန်းများအား အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိပြီး  ကမ်းပြိုမှု အနည်းဆုံး ဖြစ်စေရေး စီမံချက်များကို စီမံလျာထား ဆောင်ရွက်လျက်ရှိ သည်။ ဧရာဝတီမြစ်ကြောင်းအတွင်း ရေစီးကြောင်း ဦးတည်တိုက်စားနေသည့်  ဟင်္သာတကမ်းနားတာ တာမိုင် ၄မိုင်-၃ဖာလုံ မှ ၅မိုင်-၂ဖာလုံ အတွင်း နှင့် ဧရာဝတီ ဟင်္သာတကမ်းနားတာ တာမိုင် ၀ မိုင် မှ ၄ ဖာလုံ အတွင်း ထိခိုက်ပျက်စီးမှုများ ကာကွယ် ရေး လုပ်ငန်းစဉ်အရ မြစ်ကမ်းကာကွယ်ခြင်းနှင့် ဖြတ်တာ တည်ဆောက်ရေးလုပ်ငန်း များ၊ တာပုံစံကျ ပြုပြင်ခြင်းများကို  ဆောင်ရွက်လျက်ရှိရာ ယခုအခါ တာမိုင် ၄မိုင်-၃ဖာလုံ မှ ၅မိုင်-၂ဖာလုံ အတွင်း မြစ်ကမ်းကာကွယ်ခြင်း လုပ်ငန်း (၉၅ ရာခိုင်နှုန်း) နှင့် ဖြတ်တာတည်ဆောက်ခြင်းလုပ်ငန်း ၁၄ ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးဖြစ်ကာ လုပ်ငန်း များအားလုံးကို ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီမတိုင်မီ အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်သည်။

မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက ဒုတိယဝန်ကြီး ဦးလှကေျာ်၊ ဧရာဝတီ တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေး၊သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်း နှင့် တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး မအူပင် ခရိုင် ဓနုဖြူမြို့နယ် အုန်းပင်ကွင်း ကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာ ဧရာဝတီ ဟင်္သာတဘက်ကမ်းတာ တာမိုင် ၄၆မိုင်-၂ဖာလုံ မှ ၄၆မိုင်-၄ဖာလုံ အတွင်း မြစ်ကမ်း ပြိုကျမှုအခြေအနေနှင့် ဖြတ်တာ တည်ဆောက်ရေးလုပ်ငန်း စီမံဆောင်ရွက်နိုင်ရေး အတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး ရေဘေးအန္တရာယ်ကျရောက်မှုမှ ကာကွယ်ပေး နိုင်ရေးအတွက် လိုအပ်သည့် တာတမံ ပြုပြင်မှုများနှင့် ကမ်းပါးပြိုမှုမှ ကာကွယ် နိုင်ရေး အတွက် ဖြတ်တာ တည်ဆောက်ရေး လုပ်ငန်းအား မိုးရာသီမတိုင်မီ အပြီးသပ် ဆောင်ရွက် နိုင်ရေး နှင့် ရေရှည်ထိန်းသိမ်း ဆောင်ရွက်နိုင်မည့် အစီအမံများကို ဆွေးနွေး မှာကြားသည်။

မြစ်ရေတိုက်စားမှုကြောင့် ဟင်္သာတခရိုင် အတွင်း မြစ်ကမ်းပြိုမှု ဖြစ်ပွားသည့် နေရာများ၏ အနောက်ဘက်မှ ဖြတ်တာ တည်ဆောက်ရေးလုပ်ငန်းများကို ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိ အဖွဲ့ အစည်းများ  ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများအား မိုးရာသီ ကာလ မတိုင်မီ စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။