မိသားစုဥယျာဉ်

အိမ်နောက်ဖေးစျေးဆိုင်တည်ပါ

         အိမ်ခြံဝန်းအတွင်း သီးနှံများတပိုင်တနိုင်စိုက်ပျိုးခြင်းနှင့် ဥယျာဉ်ခြံများအား ဝါသနာ အရ ပြုစုစောင့်ရှောက်ခြင်းသည် လူသားများ၏ ကျန်းမာရေးနှင့် စိတ်ပျော်ရွှင်မှု အတွက် များစွာ အထောက်အပံ့ ပြုကြောင်းသိရှိလာကြပြီဖြစ်သည်။ထို့ပြင် အိမ်နောက်ဖေး စျေးဆိုင် တည် ဆိုသည့် ဆိုရိုးအတိုင်း မိသားစု ၏ အစားအစာများအတွက် ကုန်ကျစရိတ်ကို ကိုယ်တိုင် စိုက်ပျိုးခြင်းဖြင့် လျော့ချနိုင်ပါသည်။ ကိုယ်တိုင် စိုက်ပျိုးခြင်းဖြင့် လတ်ဆတ် သည့် သီးနှံများအား ဘေးကင်းစွာစားသုံးရခြင်းနှင့်အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက် များ ကို မိသားစုဝင်များအားလုံးရရှိမည်ဖြစ်သည်။

လူသားများကျန်းမာရေးအတွက် အာဟာရများစွာကြွယ်ဝသည့် အစားအစာမျိုးစုံနေ့စဉ်စားသုံး ပေးရန်လိုအပ်သည်။ သို့မှသာ ခန္ဓာကိုယ်ဖွံ့ဖြိုးကြံ့ခိုင်ခြင်း၊ ရောဂါကပ်ဆိုးများမှကျော်လွန်နိုင်ခြင်း၊ မိသားစုနှင့်အများကောင်းကျိုးအတွက် စွမ်းဆောင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါ သည်။ဟင်းသီးဟင်းရွက်များတွင် သတ္ထုဓါတ်၊ ဗိုက်တာမင်သက်စောင့်ဓါတ်များ၊ အမျှင်ဓါတ်နှင့်လူတို့ အတွက်အကျိုးပြုသော အပင်ထွက် ဓါတုဗေဒဓါတ်ပေါင်းများပါဝင်ပါသည်။ထို့ကြောင့် အဆိုပါအစား အစာများအား လိုအပ်သည့်အချိန်တွင် အလွယ်တကူလက်လမ်းမီစွာ ရရှိနိုင်ရန် လိုအပ်သကဲ့သို့ ကုန်ကျ စရိတ်သက်သာခြင်းနှင့် အစားအစာများ၌ ဓါတုဆေးအကြွင်းအကျန်များနှင့် အီကိုလိုင်းကဲ့သို့ ရောဂါ ဖြစ်စေသည့် အဏုဇီဝများဖြင့် ညစ်ညမ်းနေခြင်းကဲ့သို့သော ဘေးအန္တရာယ်များကင်းရှင်းနေစေရန် လည်း အရေးကြီးပါသည်။

ထို့ပြင် ဟင်းသီးဟင်းရွက်ကဲ့သို့သော သီးနှံများအား စိုက်ပျိုးထုတ်လုပ်ရာတွင် ဂရုတစိုက် မဆောင်ရွက်ပါက စတင်စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်၊သိုလှောင်ချိန်၊ထုပ်ပိုးချိန်၊ပို့ဆောင်ချိန်နှင့် စားသုံးသူ များ လက်ဝယ်ရောက်ရှိသည့်အချိန်အထိ လူသားတို့၏ ကျန်းမာရေးကို ထိခိုက်နိုင်သော ညစ်ညမ်းမှုနှင့် အဆိပ်သင့်မှုများ ဖြစ်ပေါ်လေ့ရှိသည်။ထို့ပြင် သယ်ယူပို့ဆောင်စဉ် စနစ်မကျခြင်း၊ခရီးဝေးကွာလွန်ခြင်း နှင့်ရာသီဥတုအခြေအနေတို့ကြောင့် လတ်ဆတ်မှုမရှိတော့ဘဲ အာဟာရဓါတ်များစွာ ဆုံးရှုံးလေ့ရှိပါ သည်။

ထို့ကြောင့် မိမိတို့၌အိမ်ခြံဝင်းအတွင်း မြေလွတ်များရှိပါက သီးနှံများအား တပိုင်တနိုင်စိုက်ပျိုး ခြင်းအားဖြင့် အောက်ပါအကျိုးကျေးဇူးများကို ခံစားရရှိနိုင်မည်ဖြစ်ပါသည်။

(က)စိတ်ချမ်းမြေ့ကြည်နူးခြင်း၊ ပီတိဖြစ်ခြင်း၊ စိတ်ကျေနပ်မှုရှိခြင်း စသည်ဖြင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု ဖြစ်စေခြင်း၊ စိတ်ဖိအားများခြင်းနှင့် အထီးကျန်မှုကိုဖြေဖျောက်ပေးနိုင်ခြင်း

(ခ) မီးဖိုချောင်ကုန်ကျစရိတ်လျော့နည်းစေခြင်း

(ဂ)မိသားစုဝင်ငွေရရှိစေခြင်း

(ဃ)လတ်လတ်ဆတ်ဆတ်ခူးဆွတ်စားသုံးရ၍ ဘေးကင်း၍ အာဟာရများပိုမိုရရှိခြင်း

(င)မိသားစုအားလပ်ချိန်တွင် ဝိုင်းဝန်းလုပ်ဆောင်ခြင်းဖြင့် ရင်းနှီးချစ်ခင်မှု၊ နွေးထွေးမှု၊ဆက်ဆံရေး တိုးတက်လာစေခြင်း

(စ)ပိုလျှံသည့် သီးနှံများကို အိမ်နီးချင်းများနှင့်ဝေမျှစားသုံးနိုင်ခြင်းဖြင့် ကောင်းမွန်သည့် အသိုက်အဝန်း တစ်ခုဖန်တီးနိုင်ခြင်း

(ဆ)မိမိစိုက်ပျိုးသည့် သီးနှံနှင့်ပတ်သက်၍ ရပ်ရွာအတွင်း အတွေ့အကြုံများဖလှယ်ခြင်းနှင့် လူမှုရေး ဝင်ဆန့်လာခြင်း

ယေဘုယျအားဖြင့် သီးနှံများစီးပွားဖြစ်စိုက်ပျိုးခြင်းနှင့် အိမ်ခြံဝင်းအတွင်း စိုက်ပျိုးခြင်းအား  အောက်ပါအချက်များဖြင့် ခွဲခြားနိုင်သည်။

– စိုက်ခင်းသည် အိမ်အနီးတွင်ရှိရမည်။စိုက်ခင်းသည် အိမ်နောက်ဖေးတွင်ရှိလျှင် အိမ်သာ၊ အမှိုက်ပုံး၊ နွားတင်းကုတ်စသည့် သီးနှံများအား ညစ်ညမ်းစေနိုင်သည့် နေရာများနှင့်ဝေးကွာရမည်။

– မြေဧရိယာအားဖြင့်(၁)ဧကထက် နည်းရမည်။

– သီးနှံတစ်ခုထက်ပို၍ စိုက်ပျိုးရမည်။

– ရာသီအလိုက် သီးနှံပင်များဖြစ်ရမည်။

– မိသားစုလုပ်အားဖြင့် ဆောင်ရွက်လေ့ရှိသည်။

– စက်ကိရိယာများသုံးရန်မလိုဘဲ မိသားစုဝင်များ၏ ခွန်အားဖြင့်သာ ဆောင်ရွက်သည်။ ပေါက်တူး၊ တူရွင်း၊ ထွန်ခြစ် တို့ကိုသာ သုံးလေ့ရှိသည်။

– အိမ်အတွင်းသုံးသည့် ရေကိုသာ စိုက်ခင်းတွင်းအသုံးပြုသည်။

အိမ်ခြံဝင်းအတွင်း သီးနှံများစိုက်ပျိုးရာတွင် ယေဘုယျ လိုက်နာသင့်သည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

– စိုက်ပျိုးမြေသည် ရေကောင်းစွာ ထုတ်နိုင်၊သွင်းနိုင်သော မြေဖြစ်သင့်သည်။

– မိသားစုဝင်များ ဖြတ်သန်းသွားလာသည့် မာကြောသည့်လမ်းမြေ၊ရေဝပ်နေသည့်မြေ၊အဆိပ်သင့်စေ နိုင်သည့် မြေများမဖြစ်စေရပါ။

– သဲနုန်းမြေသည် ရေထုတ်ရလွယ်ကူပြီး အလွယ်တကူလုပ်ကိုင်နိုင်သဖြင့် အကောင်းဆုံးဖြစ်သည်။

– သီးနှံပင်ကြီးထွားမှုကောင်းရန်နှင့်အရည်အသွေးကောင်းထွက်ကုန်ရရှိစေရန် ရေသွင်း/ဖျန်းပေးရမည်။ အဓိကရေအရင်းအမြစ်အဖြစ် မိုးရေ၊တွင်းရေနှင့်ကန်ရေတို့ကို အသုံးပြုနိုင်သည်။

– အပင်များအတွက် နေရောင်ခြည်လုံလောက်သည့် နေရာဖြစ်ရမည်။ နေရောင်ခြည်အပြည့်အဝ ၊ တိုက်ရိုက်(သို့) တစ်စိတ်တစ်ပိုင်း ရရှိရမည်။ အလင်းရောင်၊ အာဟာရဓါတ်များနှင့် ရေများကို သီးနှံပင် များအစား လုယူစားသုံးနိုင်သည့်  အပင်ကြီးများနှင့် အလွန်နီးကပ်သည့် နေရာကို မရွေးချယ်ရ။

– အိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပါက လေကာပင်များ(သို့) ခြံစည်းရိုးအကာများ ပြုလုပ်ထားသင့်သည်။

အကယ်၍ အိမ်ခြံဝင်းအတွင်း စိုက်ပျိုးမြေဧရိယာအနည်းငယ်သာရှိပါက ဟင်းသီးဟင်းရွက် များကို ပျိုးအိတ်၊ ပျိုးခွက်များဖြင့် စိုက်ပျိုးခြင်း၊ အဆင့်လိုက်စိုက်ပျိုးခြင်း (Verticulture)၊ အာဟာရ ရည်ဖြင့် စိုက်ပျိုးခြင်းစသည့်နည်းစနစ်များဖြင့်လည်း စိုက်ပျိုးနိုင်ပါသည်။

စိုက်ပျိုးမည့်ဟင်းသီးဟင်းရွက်များအား ရွေးချယ်ရာတွင် မိသားစုအတွက်အမှန်တကယ်လိုအပ် သော ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော အာဟာရဓါတ်ပြည့်ဝသည့် ဟင်းသီးဟင်း ရွက်အမျိုးအစားများကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ စိုက်ပျိုးနိုင်သည့် ဟင်းသီးဟင်းရွက်အမျိုးအစား များမှာ

(က)ရွက်စားဟင်းသီးဟင်းရွက်များ(ဟင်းနုနယ်၊ကန်စွန်း၊ဆလပ်၊မုန်ညှင်း)

(ခ)အပွင့်စားဟင်းသီးဟင်းရွက်များ(ပန်းမုန်လာ၊ဘရိုကိုလီ)

(ဂ)အသီးစားဟင်းသီးဟင်းရွက်များ(ခရမ်းချဉ်သီး၊ခရမ်းသီး၊ငရုတ်သီး)

(ဃ)အမြစ်စားဟင်းသီးဟင်းရွက်များ(မုန်လာဥ၊ခါကြက်ဥ)

(င)ပင်စည်စားဟင်းသီးဟင်းရွက်များ(အာလူး၊ဆလပ်ရိုး)

စိုက်ပျိုးနည်းစနစ်တွင်လည်း တိုက်ရိုက်စိုက်ပျိုးခြင်း၊ ပျိုးထောင် စိုက်ပျိုးခြင်း နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ပါသည်။    ဟင်းသီးဟင်းရွက်စိုက်ပျိုးရာတွင် ပိုးမွှားရောဂါ ကျရောက်မှုကိုကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် သီးနှံအလှည့်ကျစိုက်ပျိုးနည်းစနစ်၊ သီးနှံရောနှောစိုက်ပျိုးခြင်း၊ မိတ်ဖက်အပင်များနှင့်ယှဉ်တွဲစိုက်ပျိုး ခြင်း၊ ထောင်ချောက်ပင် စိုက်ပျိုးခြင်း (ဥပမာ-ဂေါ်ဖီထုပ်နှင့်မုန်ညှင်း)၊ ဖျက်ပိုးကျရောက်မှုမှကာကွယ်ရန် ပိုးမွှား ရောဂါတွန်းလှန်သတ္တိရှိသော အပင်များ(ပင်စိမ်း၊ စပါးလင်၊ ချစ်တီးပန်းပင်)ကို စိုက်ခင်း ပတ်လည် တွင်စိုက်ပျိုးပါ။ အပင်ထွက် ပိုးရောဂါသတ်ဆေးများကို အသုံးပြုပါ။ (ဥပမာ-တမာပိုးသတ်ဆေး)၊ ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးများကိုစိုက်ပျိုးပါ။

သဘာဝမြေသြဇာများကို အိမ်ခြံဝင်း၊ စိုက်ခင်းနှင့် စားဖိုဆောင်မှ စွန့်ပစ်ပစ္စည်းများကို အသုံး ပြုပါ။ မြေဆွေးဖျော်ရည်၊ သဘာဝမြေသြဇာဖျော်ရည်၊ ငါးအမိုင်နိုအက်ဆစ်၊ ဒေသတွင်းအကျိုးပြု အဏုဇီဝပိုး မွေးမြူအသုံးပြုခြင်းများ ဆောင်ရွက်ရပါမည်။ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများနှင့်မြေဆွေးများ ကို ကောင်းစွာ ဆွေးမြေ့ချိန်မှသာ စိုက်ခင်းအတွင်း ထည့်သွင်းအသုံးပြုပါ။

အိမ်ခြံဝင်းအတွင်းရှိ စိုက်ပျိုးနိုင်သည့် မြေနေရာများတွင်လည်းကောင်း၊ မြေနေရာအနည်းငယ်သာ ရှိသည့်နေရာများတွင်လည်း ပျိုးအိတ်၊ပျိုးအိုးများဖြင့် စိုက်ပျိုးခြင်းကို ဖော်ပြပါနည်းလမ်းများအတိုင်း  မိသားစုနှင့်အတူစိုက်ပျိုးခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက် များကို စားသုံးနိုင်မည်ဖြစ်ပါသည်။

ယခုအခါတွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားနေသည့် Covid -19 ရောဂါအား ကာကွယ်နိုင် ရေးအတွက် ခုခံအားကောင်းစေရန် အသားငါးနှင့်ဟင်းသီးဟင်းရွက်ကို မျှမျှတတ စားသုံးရန်လိုအပ်ပါ သည်။

ထို့ကြောင့် အိမ်ခြံဝင်းအတွင်း တပိုင်တနိုင်ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းဖြင့် ဘေးအန္တရာယ် ကင်းရှင်းပြီးအာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်များကို လိုအပ်သည့်အချိန်တွင် လိုအပ်သလောက် အလွယ်တကူ လတ်လတ်ဆတ်ဆတ်ခူးယူစားသုံးနိုင်ခြင်း၊ အကြိမ်ကြိမ်ခူးဆွတ် စားသုံးနိုင်ခြင်း၊ စားဖိုဆောင် ကုန်ကျစရိတ်လျော့ချနိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှား ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊ မိမိ၏ စိုက်ခင်းအား အစဉ်တစိုက်ကြည့်ရှု၍ စိတ်ကြည်ရွှင်လန်းပီတိခံစားရခြင်းတို့ကြောင့် အိမ်ခြံဝင်းအတွင်း တပိုင်တနိုင်ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းအား မိသားစုတိုင်းမဖြစ်မနေ ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဥယျာဉ်ခြံ၊ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲ

                                                                                      စိုက်ပျိုးရေးဦးစီးဌာန