ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ ၂၃ ကြိမ်မြောက်အစည်းအဝေးကျင်းပ

လယ်ယာမြေတွင် တောင်သူ လယ်သမားများ အတွက် အကျိုးရှိစေမည့် ရာသီသီးနှံများကို  လွတ်လပ်စွာ စိုက်ပျိုးနိုင်ရေး စိစစ်ဆောင်ရွက်ကြရမည် ဖြစ်သော်လည်း လယ်ယာမြေများ ကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ လှပ်မြေ အဖြစ် ထားရှိခြင်း၊ ကြိုတင်ခွင့်ပြုချက်မရရှိမီ အခြားနည်းအသုံးပြုခြင်းများအပေါ် ဥပဒေနှင့်အညီထိန်းကျောင်း ကြပ်မတ်ကြရန်လိုအပ်ကြောင်း  သြဂုတ်လ ၇ ရက် နံနက် ၁၀ နာရီ အချိန်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာ မြေ စီမံခန့်ခွဲမှုအဖွဲ့ ၏ ၂၃ ကြိမ်မြောက် အစည်းအဝေးတွင် အဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။

ဗဟိုလယ်ယာ မြေ စီမံခန့်ခွဲမှုအဖွဲ့ ၏ ၂၃ ကြိမ်မြောက် အစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေး တွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ က ဆွေးနွေး ပြောကြားရာ၌ လယ်ယာမြေများ ရောင်းချခြင်း၊ လှဲလှယ်ခြင်း၊ ပေးကမ်းခြင်းများ နှင့် စပ်လျဉ်း၍ တည်ဆဲဝင်ငွေခွန်ဥပဒေ ပြဌာန်းချက်များနှင့်အညီ စိစစ်ခြင်း၊ အခွန် စည်းကြပ်ခြင်းဖြင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်ငွေများရရှိစေရန်၊ လယ်ယာမြေဆိုင်ရာချုပ်ဆိုသည့် စာချုပ်စာတမ်းများအပေါ် မြန်မာနိုင်ငံ တံဆိပ် ခေါင်းခွန်အက်ဥပဒေ၏ နောက်ဆက်တွဲပါ အခွန်နှုန်းထားများအတိုင်း တံဆိပ်ခွန် ထိုက်သင့်စေရန် ၊ လယ်ယာမြေများ ရောင်းချခြင်း၊ လှဲလှယ်ခြင်း၊ ပေးကမ်းခြင်းများ ကို အများဆုံးဆောင်ရွက်ကြမည့်သူများမှာ တောင်သူလယ်သမားများဖြစ်သည့် အတွက် ယင်းတို့လွယ်ကူစွာလိုက်နာဆောင်ရွက်နိုင်သော ရိုးရှင်းသည့် လုပ်ငန်းစဉ် များ ဖြစ်စေရေး ၊ လယ်ယာမြေလွှဲပြောင်းခြင်းဆိုင်ရာကိစ္စများ နှောင့်နှေး ကြန့်ကြာနေမှုများကြောင့် စိုက်ပျိုးရာသီချိန် ထိခိုက်မှုမရှိစေရေး အထူးဂရုပြု ဆောင်ရွက်ကြစေလိုကြောင်း ၊ ထို့အပြင် မြေနုကျွန်းများ ခွဲဝေလုပ်ကိုင်ရာ၌ တာဝန်ခံဆောင်ရွက်ပေးရသည့် အဖွဲ့အစည်းများ အနေဖြင့် တည်ဆဲဥပဒေ နည်းဥပဒေပါ စည်းမျဉ်းစည်းကမ်းများအတိုင်း တိကျစွာ ဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့ သက်ဆိုင်သည့် ဒေသခံတောင်သူလယ်သမားများ အနေဖြင့်လည်း သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လေးစား လိုက်နာကြရန်လိုအပ်ပါကြောင်း၊ လယ်ယာမြေအခြားနည်းသုံးစွဲခွင့် ရရှိပြီးသူများ မှလည်း ဥပဒေပါသတ်မှတ်ကာလအတွင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်အရေးကြီးကြောင်း၊ သို့မှသာ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍဆိုင်ရာ လုပ်ငန်းများအရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း ပြောကြားသည်။ဆက်လက်၍ အတွင်းရေးမှူး ဦးသက်နိုင်ဦး က လယ်ယာမြေ အခြားနည်း ခွင့်ပြုမိန့်ရရှိပြီးသော ကိစ္စ အပေါ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် နစ်နာကြေး၊ လျော်ကြေးပေးချေရန် ကိစ္စများ အပါအဝင် အစည်းအဝေး က ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းစဉ်များအား ဖတ်ကြား တင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများ က ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ကြသည်။

ယနေ့အစည်းအဝေးကျင်းပပြုလုပ်သည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၏ ၂၃ ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံတော်စီမံကိန်းလုပ်ငန်းများ၌ ပါဝင်ခဲ့သည့် လယ်မြေ ယာမြေများအတွက် နစ်နာကြေး လျော်ကြေး နှင့် သီးနှံလျော်ကြေး ပေးအပ်နိုင်ရေးကိစ္စရပ်များ၊ တိုင်းဒေသကြီး ပြည်နယ် လယ်ယာမြေစီမံ ခန့်ခွဲမှု အဖွဲ့များကအချက်အလက်ပြည့်စုံစွာဖြင့် စိစစ်ထောက်ခံပေးပို့လာသည့် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်လုပ်ငန်းများ နှင့် အထွေထွေ ကိစ္စရပ်များ အား ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရသည်။