စိုက်ပျိုးရေးသုတေသနဦးစီးဌာန (DAR)တွင် လစ်လပ်လျှက်ရှိသော လစာနှုန်းထား (ကျပ် ၂၇၅၀၀၀- ၄၀၀၀- ၂၉၅၀၀၀) အဆင့်ရှိ လက်ထောက်သုတေသနအရာရှိ ရာထူးနေရာသို့ တိုးမြှင့်ခန့်ထားရေးအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် ဝန်ထမ်းများအား အရည်အချင်းစိစစ်ခြင်း ရေးဖြေနှင့် နှုတ်ဖြေစာမေးပွဲကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃) ရက်နှင့် (၄) ရက်နေ့များက နေပြည်တော်- ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရုံးချုပ်)၊ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အရည်အချင်းစစ် စာမေးပွဲတွင် နိုင်ငံတော်၏ စို်က်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုခုံးပြောင်းတာဝန်ယူမည့် မျိုးဆက်သစ် သုတေသနပညာရှင်များ သိရှိနားလည်ထားသင့်သည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ထုတ်ပြန်ထားသည့် ရုံးလုပ်ငန်း လက်စွဲစာများ၊ ဝန်ထမ်းကျင့်ဝတ်၊ သုတေသနအခြေခံသဘောတရား (Research Primer)၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ လစဉ်ထုတ်ဝေသည့် သုတေသန ပညာပေးစာစောင်၊ ဝန်ကြီးဌာနမှ ပြဌာန်းထားသည့် ဥပဒေများ၊ သုတေသနစာတမ်းတစ်စောင် ရေးသားခြင်းနှင့် ကျမ်းစာပြုစုခြင်းအတွက် လိုက်နာဆောင်ရွက်ရန်များ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းစနစ်များ ကျင့်သုံးရေးအတွက် လိုက်နာဆောင်ရွက်ရမည်များ၊ English Language Proficiency တိုးတက်ရေးအတွက် ဗဟုသုတမေးခွန်းများနှင့် အထွေထွေဗဟုသုတများအား ထည့်သွင်းမေးကြားခဲ့ပါသည်။ အရည်အချင်းစစ် ရေးဖြေစာမေးပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦး၊ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းရွှေ၊ ဌာနစုတာဝန်ခံများနှင့် တာဝန်ရှိသူများက ကြီးကြပ်စိစစ်ခဲ့ကြသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ လက်ထောက် သုတေသနအရာရှိ ရာထူး တိုးမြှင့်ခန့်ထားရေးအတွက် ကျင်းပပြုလုပ်သည့် ရေးဖြေနှင့် နှုတ်ဖြေစာမေးပွဲသို့ အရည်အချင်းနှင့် ကိုက်ညီသော ပြည်တွင်း၌ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်း (၇၂) ဦး၊ ပြည်ပ၌ ပညာသင်ကြားနေဆဲ ဝန်ထမ်း (၁၀) ဦး၊ စုစုပေါင်း (၈၂) ဦး ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်ကာ၊ ပြည်ပ၌ ပညာသင်ကြားနေဆဲ ဝန်ထမ်းများအား အွန်လိုင်းမှ တဆင့် ရေးဖြေနှင့် နှုတ်ဖြေစာမေးပွဲများဖြေကြားနိုင်ရေးအတွက် စီစဉ်ပေးထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။