မျိုးစေ့ကဏ္ဍဖွံ့ဖြိုးလာရေး ၊ မျိုးစေ့ အလွယ်တကူ ဝယ်ယူ အသုံးပြုနိုင်ရေး ၊ ပုဂ္ဂလိက ကဏ္ဍမှ ရင်းနှီးမြုပ်နှံမှုတိုးမြှင့်လာရေး ၊ မျိုးစေ့ထုတ်လုပ်တင်ပို့သည့် နိုင်ငံ အဖြစ်
ရပ်တည်နိုင်ရေး တို့ကို မျှော်မှန်း၍ စိုက်ပျိုးရေးဦးစီးဌာန က နယ်သာလန်နိုင်ငံ အထောက်အပံ့ဖြင့် ဆောင်ရွက်သော မျိုးစေ့ကဏ္ဍ ရင်းနှီးမြုပ်နှံမှုအစီအစဉ် ဆွေးနွေးပွဲ ကို နိုဝင်ဘာ ၆ ရက်နေ့ နံနက်က နေပြည်တော် Park Royal Hotel ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တက်ရောက် အမှာစကား ပြောကြားသည်။
ဆွေးနွေးပွဲသို့ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန နှင့် စိုက်ပျိုးရေးဦးစီးဌာန တို့မှ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ မျိုးစေ့ပညာရှင်များ၊ IFC , JICA , UNOPS-LIFT , USDA , USAID စသည့် ဖွံ့ဖြိုးမှု မိတ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိ သူများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ မျိုးစေ့ထုတ် လုပ်ငန်းရှင်များ နှင့် တောင်သူများ တက်ရောက် ကြပြီး မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးရေး နှင့် ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှု တိုးမြှင့်နိုင်ရေး အတွက် အစိုးရ၊ တောင်သူ၊ ပုဂ္ဂလိက နှင့် ဖွံ့ဖြိုးရေး မိတ်ဘက်အဖွဲ့ အစည်းများ အပိုင်းတို့မှ သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆောင်ရွက်ဖွယ်ရာများကို ဖော်ထုတ်ဆွေးနွေးသွားမည် ဖြစ်သည်။
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အဖွင့်အမှာစကား ပြောကြား ရာတွင် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မျိုးစေ့ ကဏ္ဍဖွံ့ဖြိုးရေး ၊ မျိုးစေ့ ဖူလုံစွာ အသုံးပြု နိုင်ရေး၊ ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြုပ်နှံမှု တိုးမြှင့်လာရေး နှင့် မျိုးစေ့ထုတ်လုပ်တင်ပို့ သည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရေး တို့ကို မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊
ယနေ့ဆွေးနွေးပွဲတွင် မျိုးစေ့ကဏ္ဍ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်များ အတွက် နိုင်ငံတော်၏ ရည်ရွယ်ချက် မျှော်မှန်းချက် နှင့် အစီအမံများ၊
တောင်သူများ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ တာဝန်ယူရမည့် အပိုင်းတို့ကို ဆွေးနွေးသွားမည်ဖြစ် ကြောင်း၊ သုတေသန နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ၊ အခြေခံ အဆောက်အအုံ ဆိုင်ရာများ၊ ရိတ်သိမ်း ချိန်လွန် နည်းပညာများ ၊ မူဝါဒ စည်းမျဉ်းများ စသည့် မျိုးစေ့အသိုက်အဝန်း ထူထောင် ဆောင်ရွက်နိုင်ရေး အတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ ဖော်ထုတ် ချမှတ်နိုင်ရန် ၊
မျိုးစေ့ ဥပဒေ နှင့် စည်းမျဉ်း ဆိုင်ရာ လိုအပ် သည့် ဖြေလျော့မှုများ အတွက်သက်ဆိုင်ရာသို့ ဆက်လက်တင်ပြနိုင်ရန် ၊ လက်ရှိဆောင်ရွက် နေသည့် လုပ်ငန်းစဉ်များမှ အကောင်းဆုံး နည်းလမ်းများကိုပေါင်းစပ်ပြီး မိမိတို့ အခြေအနေ နှင့် သင့်လျော် လိုက်ဖက် မည့် စနစ်တစ်ခု ဖော်ဆောင်နိုင်ရန် တို့ အတွက် ဝိုင်းဝန်း ဆွေးနွေးပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် မျိုးစေ့ဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်စန်းကြည် က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များ ကို ရှင်းလင်းတင်ပြပြီး ဆွေးနွေးပွဲကို ဆက်လက် ကျင်းပသည်။
မျိုးစေ့ဆိုင်ရာ မှတ်ပုံတင်ခြင်း၊ လိုင်စင်ရယူခြင်းများအပါအဝင် ဝန်ဆောင်မှုများ အား လက်ရှိဆောင်ရွက်နေသည့် စာရွက်စာတမ်းများနှင့်ဆောင်ရွက်နေရာမှ လွယ်ကူ လျှင်မြန် သည့် အီလက်ထရောနစ်ဒီဂျစ်တယ်စနစ်၊ အွန်လိုင်းစနစ်တို့ကို အပြည့်အဝ အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းအတွက် သုံးစွဲသူများ ဘက်မှ ကြုံတွေ့ လာနိုင်သည့် လိုအပ်ချက်များကို ယနေ့ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေး သွားမည်ဖြစ်သည်။
ဆွေးနွေးပွဲ ရလဒ်များကို မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ သို့ စုစည်းတင်ပြပြီး ကော်မတီ၏ စိစစ်အတည်ပြုချက်ဖြင့် မျိုးစေ့ဆိုင်ရာ ကြေငြာချက်ထုတ်ပြန်ကာ လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှု အတွက် မျိုးစေ့များ ဖူလုံစွာအသုံးပြုနိုင်ရေး ကြိုးပမ်းမှုနှင့်အတူ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှု တိုးမြှင့်ရေး မှ တဆင့် နောင်လာမည့် ၅ နှစ်အတွင်း မျိုးစေ့ ထုတ်လုပ်တင်ပို့သည့် နိုင်ငံအဖြစ် နိုင်ငံတကာနှင့် ယှဉ်ပြိုင်ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။