သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ပျော်ဘွယ်မြို့နယ်အဆင့် မြေအရင်းအမြစ်များပေါ်တွင် မူတည်၍ သင့်လျော်သော သီးနှံများကို ဖော်ထုတ်ခြင်းဖြင့် မြေယာအသုံးချမှုအစီအစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်း

ပျော်ဘွယ်မြို့နယ်အဆင့် မြေအရင်း အမြစ်များပေါ်တွင် မူတည်၍ သင့်လျော်သော သီးနှံများ ကို ဖော်ထုတ်ခြင်းဖြင့် မြေယာအသုံးချမှု အစီအစဉ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို မတ်လ (၆) ရက်နေ့ နံနက်ပိုင်းက နေပြည်တော် ရှိ အမရာဟိုတယ် ၌ ကျင်းပပြုလုပ်ရာ အလုပ်ရုံ ဆွေးနွေး ပွဲ သို့ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာရဲတင့်ထွန်း နှင့် ညွှန်ကြားရေးမှူးများ၊ စီမံကိန်းတာဝန်ရှိသူများ၊ စီမံကိန်းဒါရိုက်တာ နှင့် မြေဆီလွှာသိပ္ပံပညာရှင်များ၊ တိုးချဲ့ပညာပေး ဝန်ထမ်းများ၊ NGOsများ၊ ပျော်ဘွယ်မြို့နယ် မှ ဒေသခံတာဝန်ရှိသူများ တက်ရောက်ကြသည်။

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် က အဖွင့်အမှာ စကား ပြောကြားပြီး စီမံကိန်းဒါရိုက်တာ က စီမံကိန်းလုပ်ငန်းစဉ်များ နှင့် စီမံကိန်းအကျိုး ကျေးဇူးများ ကို ရှင်းလင်းတင်ပြသည်။

၂ ရက်ကြာကျင်းပခဲ့သည့် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ တွင် သီးနှံအမျိုးအစား၊ စုစုပေါင်းစိုက်ဧက ၊ မြေဆီလွှာထိန်းသိမ်းနည်းလမ်းများ၊ တိုးချဲ့စိုက်ပျိုး လိုသောဧရိယာ၊ ပံ့ပိုးရန်လိုအပ်ချက်၊ စီးပွားရေး အကျိုးအမြတ်ရရှိမှု၊ ပတ်ဝန်းကျင် အပေါ် သက်ရောက်မှု၊ လူမှုဆိုင်ရာသက်ရောက်မှု စသည့် အချက်များပါဝင်သော ဆွေးနွေးချက်များဖြင့် မြေဆီလွှာသိပ္ပံပညာရှင်များ၊ တိုးချဲ့ပညာပေး ဝန်ထမ်းများ၊ NGOsများ၊ ပျော်ဘွယ်မြို့နယ် မှ ဒေသခံတာဝန်ရှိသူများ က ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။အဆိုပါစီမံကိန်းအရ ကွင်းမြေပုံ နှင့် ဓါတ်ခွဲခန်းမြေပုံများ ပေါင်းစပ်ပြီး တောင်သူများအား သင့်တော်သောသီးနှံ စိုက်ပျိုးနိုင်သည့် Zone များ ခွဲပေးနိုင်မည်ဖြစ် ကြောင်း၊ မြေအမျိုးအစားအပေါ်မူတည်၍ သင့်တော်သည့် သီးနှံများ စိုက်ပျိုးနိုင်မှသာ တောင်သူများ အတွက် အကျိုးရှိနိုင်မည်ဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စျေးကွက်၊ အရင်းအနှီး၊ နည်းပညာများ ဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန က ကန်ထရိုက်လယ်ယာစနစ် ဖော်ဆောင်နိုင်ရေးအတွက် တောင်သူနှင့် ပုဂ္ဂလိက ရင်းနှီးမြုပ်နှံသူများအကြား ဆက်စပ်ပေးလျက်ရှိကြောင်း၊ သို့မှသာ တောင်သူ လိုအပ်သည့် သွင်းအားစုများ ပံ့ပိုးပေးနိုင်ခြင်း၊ ဖြစ်နိုင်သော စျေးကွက်များအား ကြိုတင်ညှိနှိုင်းထားခြင်းများ  ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် က ပြောသည်။ဒေသအလိုက် မြေဆီလွှာဆိုင်ရာမြေပုံ  နှင့် စိုက်ပျိုးသင့်သည့် သီးနှံ အကြံပြု မြေပုံကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သင့်သော်လည်း လတ်တလောတွင် ကွင်းမြေပုံ နှင့် ဓါတ်ခွဲခန်းမြေပုံများ ပေါင်းစပ်ပြီး တောင်သူများအား သင့်တော်သောသီးနှံ စိုက်ပျိုးနိုင်သည့် Zone များ ခွဲပေးနိုင်မည်ဖြစ်သည့် အဆိုပါစီမံကိန်းကို  ပျော်ဘွယ် မြို့နယ်တွင် အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်၍ ပျော်ဘွယ်မြို့နယ်အတွင်းရှိ တောင်သူများအတွက်များစွာ အကျိုးရှိမည်ဖြစ်ကြောင်း သိရသည်။