ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ညောင်ပင်-ငတရော် ကျေးလက်ကုန်ထုတ်လမ်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီးဝန်ကြီး၊ ရေစကြိုမြို့နယ် ဧရာဝတီမြစ်နှင့် ချင်းတွင်း မြစ်နှစ်သွယ်အကြား အလယ်ကျွန်းပေါ် ရှိ ကျေးရွာနေပြည်သူများ အသုံးပြုနိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန က တာဝန်ယူဆောင်ရွက်ခဲ့သည့် ညောင်ပင်-ငတရော် ကျေးလက် ကုန်ထုတ်လမ်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းက အဆိုပါ လမ်းမုခ်ဦးအဝင်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ နယူးဇီလန်သံရုံး နှင့်  ဂျာမန်သံရုံးတို့မှ တာဝန်ရှိသူများ ၊ ကမ္ဘာ့ဘဏ်နှင့် ဂျာမနီပူး‌ပေါင်း ဆောင်ရွက်ရေး အဖွဲ့ GIZ မှ ကိုယ်စားလှယ်များ၊ ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး က ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်ခဲ့ရခြင်းနှင့် မကွေးတိုင်းဒေသ ကြီး အတွင်းဆောင်ရွက်ခဲ့ပြီးသော စီမံကိန်းလုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက ညောင်ပင်-ငတရော် ကျေးလက် ကုန်ထုတ်လမ်း အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဒေသနေတောင်သူများစိုက်ပျိုးထားသည့် မြေပဲ၊ ကုလားပဲ၊ နေကြာနှင့် ဆောင်းသီးနှံစိုက်ခင်းများကို ကြည့်ရှုအားပေးပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ အစားအစာဘေးကင်းလုံခြုံရေးနှင့်အာဟာရပြည့်ဝသော ထုတ်ကုန် သီးနှံများ ဖြစ်စေရေးအတွက်  နည်းပညာဖြန့်ဝေပေးရန် လိုအပ် ချက်များကို ဆွေးနွေးမှာကြားသည်။

ယခုဖွင့်လှစ်သော ညောင်ပင်-ငတရော် ကျေးလက် ကုန်ထုတ်လမ်း သည် ရေစကြို အလယ်ကျွန်းပေါ်ရှိ စိုက်ပျိုးမြေဧက ၅၃၆၃ ဧက ၏ စိုက်ပျိုးထုတ်လုပ်မှု နှင့်အတူ ကျေးရွာ ၁၂ ရွာမှ အိမ်ထောင်စု ၉၃၇၇ စုကို အကျိုးပြုနိုင်မည် ဖြစ်ကြောင်းသိရှိရသည်။