ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရေစကြိုမြို့နယ် ၊ ရေလယ်ကျွန်းကျေးရွာများ၌ ဆိုလာအသေးစား ဓာတ်အားစနစ်သုံး မီးလင်းရေးလုပ်ငန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်အတွင်း ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်အကြားရှိ ကျွန်းထဲကျေးရွာ ရှစ်ရွာမှ ဒေသခံကျေးလက်နေ ပြည်သူများ ဆိုလာစနစ်ဖြင့် ၂၄ နာရီ လျှပ်စစ်မီးအသုံးပြုနိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကျေးရွာနေပြည်သူများ နှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတို့ ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး သည့် အမျိုးသား လျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်း(NEP) ဆိုလာ အသေးစား လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ ကို ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ နယူးဇီလန်သံရုံး နှင့်  ဂျာမန်သံရုံး တို့မှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်နှင့် ဂျာမနီပူး‌ပေါင်းဆောင်ရွက်ရေးအဖွဲ့ GIZ မှ ကိုယ်စားလှယ်များ၊ ကျေးရွာ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ က အဖွင့်အမှာစကားပြောကြားရာ၌  ပြည်သူများ၏ လုမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ၊ ဘက်စုံကဏ္ဍစုံဖွံ့ဖြိုးရေးသည် လျှပ်စစ်မီးရရှိမှုအပေါ်မှာ အများဆုံးတည်မီနေခြင်းကြောင့် ကျေးလက်ဒေသများ လျှပ်စစ်မီး ရရှိရေး အတွက် မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာန က တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊  NEP မူဝါဒနှင့် အညီ နောင်(၁၅)နှစ်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား မရရှိနိုင်သည့်ဒေသများ ၊ မဟာဓာတ်အားလိုင်းနှင့် (၁၀)မိုင်အထက် ဝေးကွာသော ဒေသများ ၊ ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားသောကျေးရွာများ ၊ အိမ်ခြေ (၅၀)အထက် ရှိ၍ လူနေသိပ်သည်းသောကျေးရွာများကို ဉီးစားပေးရွေးချယ် ဆောင်ရွက်လျက်ရှိရာမှာ (၃)နှစ်တာကာလအတွင်း တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း(၆၅၀၀)ကျော် ၊ အိမ်ထောင်စုပေါင်း(၃.၃)သိန်းကျော် ၊ အများ ပြည်သူပိုင်အဆောက်အဉီ(၁၃၀၀၀)ကျော်နှင့် လမ်းမီးတိုင်ပေါင်း (၃၇၀၀၀)ကျော် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ၊ အလားတူ အသေးစားဓာတ်အား စနစ်ဖြင့် လည်း ကမ္ဘာ့ဘဏ် ၊ ဂျာမနီပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ )တို့ နည်းပညာ အကူအညီကို ရယူ၍ ကျေးရွာပေါင််း(၉၃)ရွာအတွက် အသေးစားဓာတ်အားပေး စနစ် လုပ်ငန်းပေါင်း(၇၉)ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်လို့ မဟာဓာတ်အားလိုင်း ပြင်၌ဧရိယာရဲ့(၂၅.၆)ရဦခိုင်နှုန်းခန့်ကို လွှမ်းခြုံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ၊

မိမိတို့ဝန်ကြီးဌာနအနေနဲ့ (NEP) စီမံကိန်းဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ် အထိ (၅)နှစ်တာကာလအတွင်း အိမ်ထောင်စုပေါင်း (၆)သိန်းကျော် လျှပ်စစ်မီး ရရှိရန် မျှော်မှန်းထားပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ အသေးစား ဓာတ်အားစနစ်ဖြင့် ကျေးရွာပေါင်း(၁၀၀)နှင့် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း (၁၁၀၀)ကျော် လျှပ်စစ်မီးရရှိ‌စေရန်  ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က စီမံကိန်းလုပ်ငန်းအား ရှင်းလင်းတင်ပြသည်။

ထို့နောက် နယူးဇီလန်သံရုံး နှင့်  ဂျာမန်သံရုံး တို့မှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်နှင့် ဂျာမနီပူး‌ပေါင်းဆောင်ရွက်ရေးအဖွဲ့ GIZ မှ ကိုယ်စားလှယ်များ က ဂုဏ်ပြုဝမ်းမြောက်စကားများပြောကြားကြပြီး ကျေးရွာသူ ကျေးရွာသားများ ကိုယ်စား ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ တို့ က ၂၈၈ကီလိုဝပ် ဆိုလာအသေးစား ဓာတ်အားလိုင်းစနစ် မီးလင်းရေးဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ် ပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ၂၈၈ကီလိုဝပ် ဆိုလာအသေးစား ဓာတ်အားလိုင်းစနစ် ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီး နှင့်  အခမ်းအနား တက်ရောက်လာသူများက ဓါတ်အားပေးစနစ်နှင့် စက်ရုံတို့ကိုလှည့်လည်ကြည့်ရှု အားပေးကြသည်။

အဆိုပါ ဆိုလာအသေးစား ဓာတ်အားပေးရေးစနစ် (Solar Mini – Grid) မီးလင်းရေးလုပ်ငန်းကို ကမ္ဘာ့ဘဏ်၊ GIZ တို့မှ နည်းပညာပံ့ပိုးပေးပြီး မဟာ ဓာတ်အား လိုင်းပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း( NEP Off Grid ) ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထည့်ဝင်ငွေ ၆၀ ရာခိုင် နှုန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီမှ ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းတို့ ပူးပေါင်းကာ ဆိုလာ ၂၈၈ ကီလိုဝပ်၊ ဂျင်နရေတာ ၁၆၀ ကီလိုဝပ် ထုတ်ယူသုံးစွဲနိုင်မည့် ဆိုလာ – ဒီဇယ် ပေါင်းစပ်စနစ် အမျိုးအစားကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ သန်းကျော် အကုန်အကျခံ၍ Parami Energy ကုမ္ပဏီနှင့် Mega Global Green Automation ကုမ္ပဏီတို့မှ တာဝန်ယူ အကောင် အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါလျှပ်စစ်မီး ရရှိအသုံးပြုနိုင် မှုကြောင့် ကျေးလက်နေပြည်သူများ အတွက် လျှပ်စစ်မီးအလင်းရောင် ရရှိရုံသာမက အသေးစား ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ကြခြင်း၊  ကျေးရွာအတွင်း တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးချဲ့ ထုတ်လုပ် နိုင်ခြင်း၊ စျေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချ နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်၍ ရေလယ်ကျွန်း ကျေးရွာများ ဖွံ့ဖြိုး တိုးတက်မှုကို များစွာအထောက်အကူပြုစေမည် ဖြစ်ကြောင်း သိရသည်။