ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ချစ်သူကျေးရွာ နှင့် ညောင်ပင်ကျေးရွာ စက်ကူးတို့ဆိပ် ဒီပသရဖူဇက်ရေယာဉ် ဆိပ်ကမ်းဖွင့်လှစ်

ရေစကြိုမြို့နယ် ချစ်သူကျေးရွာ နှင့် ညောင်ပင်ကျေးရွာ စက်ကူးတို့ဆိပ် ဒီပသရဖူဇက်ရေယာဉ် ဆိပ်ကမ်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းက ချစ်သူကျေးရွာဆိပ်ကမ်း ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဒီပသရဖူဇက်ရေယာဉ် ဆိပ်ကမ်းဖြစ်မြောက်ရေး အကျိုးတော်ဆောင် ဆရာတော် ဒေါက်တာ အရှင် တေဇနိယ ၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များ၊ နယူးဇီလန်သံရုံး နှင့်  ဂျာမန်သံရုံးတို့မှ တာဝန်ရှိသူများ ၊ ကမ္ဘာ့ဘဏ်နှင့် ဂျာမနီပူး‌ပေါင်း ဆောင်ရွက်ရေး အဖွဲ့ GIZ မှ ကိုယ်စားလှယ်များ၊ ကျေးရွာရပ်မိရပ်ဖများ တက်ရောက်ကြသည်။

အခမ်းအနား တွင် ဒီပသရဖူဇက်ရေယာဉ် ဆိပ်ကမ်းဖြစ်မြောက်ရေးကော်မတီ မှ တာဝန်ရှိသူက စက်ကူးတို့ဆိပ် ဆောင်ရွက်ရခြင်းနှင့် ဇက်ရေယာဉ်ပြေးဆွဲနိုင်ရေး ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဇက်ရေယာဉ်စီးနင်းခွင့်လက်မှတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ထံ ပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ ဒီပသရဖူဇက်ရေယာဉ် ဆိပ်ကမ်းဖြစ် မြောက်ရေး အကျိုးတော်ဆောင် ဆရာတော် ဒေါက်တာ အရှင် တေဇနိယ နှင့် တာဝန်ရှိသူများက ဇက်ရေယာဉ် ဆိပ်ကမ်း အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက်အခမ်းအနားတက်ရောက်လာသူများသည် ဒီပသရဖူ(၁) ဒီပသရဖူ(၂) ဇက်ရေယာဉ်များဖြင့် ညောင်ပင်ကျေးရွာ သို့ လိုက်ပါစီးနင်းခဲ့ကြပြီး အလယ်ကွှန်းကျေးရွာများ၏ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ ကို ကြည့်ရှုအားပေးကြသည်။

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်နှစ်သွယ်အကြား အလယ်ကျွန်းပေါ် ရှိ ကျေးရွာနေပြည်သူများသည် ရေစကြိုမြို့ နှင့် ကူးလူးသွားလာရာတွင် ခက်ခဲမှုများ ကြုံတွေ့နေကြရမှုကို ကူညီဖြေရှင်းပေးနိုင်ရန်  ဆရာတော် ဒေါက်တာ အရှင် တေဇနိယ နှင့် စေတနာရှင်များက စက်ကူးတို့ဆိပ် နှင့် ဇက်ရေယာဉ် ပြေးဆွဲ ပေးနိုင်ရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်။ ယခုအခါ ဇက်ရေယာဉ် ပြေးဆွဲပေး နိုင်ခဲ့သဖြင့်  အလယ်ကျွန်းပေါ်ရှိ ကျေးရွာနေပြည်သူများ ၏ လယ်ယာထွက် ကုန်များ ၊ လယ်ယာသုံးပစ္စည်းများ နှင့် လူသုံးကုန်ပစ္စည်းများ သယ်ပို့မှု အဆင် ပြေချောမွေ့လာမည်ဖြစ်ပြီး ပညာရေး ကျန်းမာရေး လူမှုစီးပွားရေးများ ပိုမို ကောင်းမွန် လာစေမည်ဖြစ်သည်။