သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

ဝန်ထမ်းများ ဘာသာစကား ကျွမ်းကျင်မှု ပိုမိုတွင်ကျယ်စေရန် တရုတ်ဘာသာစကား သင်တန်းပို့ချပေးခဲ့

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် တရုတ်ဘာသာစကား သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၆ ရက်နေ့ နံနက် ၉ နာရီက ရုံးအမှတ်(၁၅)၌ ကျင်းပ ပြုလုပ်ရာ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ခင်ဇော် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

သင်တန်းဆင်းပွဲသို့ အမြဲတမ်းအတွင်းဝန်များဖြစ်ကြသည့်  ဦးကျော်မင်းဦး နှင့် ဒေါက်တာခင်ဇော်၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ ယဉ်ကျေးမှု သံမှူး ဦးဘုန်းကျော်၊ သင်တန်းဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်း သား/သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ ယဉ်ကျေးမှုသံမှူး ဦးဘုန်းကျော် က တရုတ်ဘာသာစကား သင်တန်းရည်ရွယ်ချက်နှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံရုံးတို့ ပူးပေါင်းဆောင်ရွက်သွားရန်များကို ရှင်းလင်းပြောကြားပြီး၊ သင်တန်းဆရာမ Ms. Zhou Qinrui က သင်တန်းအပေါ် သုံးသပ်ချက်များ ကိုရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ ယဉ်ကျေးမှု သံမှူး က သင်တန်းသားများကိုယ်စား သင်တန်းသား(၁)ဦးအား သင်တန်း ဆင်းလက်မှတ်ပေးအပ်ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန်များဖြစ်ကြသည့်  ဦးကျော်မင်းဦး နှင့် ဒေါက်တာခင်ဇော်၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း တို့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ  ယဉ်ကျေးမှုသံမှူး နှင့် သင်တန်း ဆရာမတို့အား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

ဝန်ကြီးဌာနအနေဖြင့် လယ်ယာကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ အစိုးရမှ အကူအညီ ပေးအပ်ရန် ကတိကဝတ်ပြုထားသည့် သဘောတူစာချုပ်များအရ ဆောင်ရွက် မည့် စီမံကိန်းများ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအနေဖြင့် အကောင်အထည်ဖော် ရန် ကြိုးပမ်းလျက်ရှိသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင် ရာ ပူးပေါင်း ဆောင်ရွက်မှု များတွင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက်  ဝန်ထမ်းများ ဘာသာစကား ကျွမ်းကျင်မှု ပိုမို တွင်ကျယ်စေရန်နှင့် ဆက်သွယ် ညှိနှိုင်းမှုများ တွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်း(၂၈)ဦး တို့အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံး မှ တရုတ်ဘာသာစကားသင်တန်း (၆)လကြာ ဖွင့်လှစ် ပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။