ပြည်ထောင်စုအဆင့်သတင်း

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည် ထူထောင်ရေး လုပ်ငန်းကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ ။

             Covid-19 ကူးစက်ရောဂါကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ကဏ္ဍများတွင် ဖြစ်နိုင်ခြေရှိသည့် ထိခိုက်မှု များ နှင့် ပြန်လည်ကုစား ပေးရမည့်အစီအစဉ်များ ဆောင်ရွက် နိုင်‌ရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ပြန်လည် ထူထောင်ရေး လုပ်ငန်းကော်မတီ ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မေလ (၅)ရက် နေ့ နံနက် ၁၁ နာရီက စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်း ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့်အတူ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး က အမှာစကားပြောကြား ရာ၌ နိုင်ငံတော်က ထုတ်ပြန်ထားသည့် Covid-19 စီးပွားရေးကုစားမှုအစီအစဉ်အရ ဝန်ကြီးဌာနအနေဖြင့် Covid-19 အသိပညာပေးခြင်း၊ ဝင်ငွေဆုံးရှုံးသွားသည့် လယ်သမားများ အား မိုးရာသီအမီ စိုက်ပျိုးနိုင်ရန် ငွေ‌ကြေး ထောက်ပံ့ခြင်း/ ချေးငှားခြင်း၊ ထုတ်လုပ်မှုနှင့်စျေးကွက် ရှာဖွေမှုအတွက် အကြံဉာဏ် ပေးခြင်း၊ Cash for Work အစီအစဉ်များကို ဆောင်ရွက်သွားမည် ဖြစ်ပြီး လုပ်ငန်း ကော်မတီ အောက်တွင်ပါဝင်သည့် ဦးစီးဌာနများက မိမိတို့၏ သက်ဆိုင်ရာ ကဏ္ဍများ တွင် ကာလတို၊ ကာလရှည် ပိုင်းခြား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကူးစက်‌ရောဂါ ထိန်းချုပ်နိုင်ပြီး နောက်ပိုင်းကာလများတွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ  ပြန်လည် ထူထောင်ရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်၊ စိုက်ပျိုးရေးအခြေခံ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ တွင် အလုပ်အကိုင်ဖန်တီးနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထုတ်လုပ်မှု လုပ်ငန်းများတွင် ထိခိုက်မှုလျော့နည်းသက်သာစေရေး၊ ဒေသ အလိုက် မတူညီနိုင်သည့် အခြေအနေ အရပ်ရပ် အပေါ် ပိုင်းခြား သုံးသပ်ပြီး တစ်ပြေးညီ အောင်မြင်စွာဆောင်ရွက်ပေးနိုင်ရေး ကြိုတင် စီမံ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီဝင်များ က အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက် လက်ရှိ Covid-19 ကူးစက် ရောဂါ ထိန်းချုပ်ရေးကာလနှင့် ပြန်လည် ထူထောင်ရေး ကာလများအတွက် ကြိုတင်ပြင်ဆင် ထားရှိမှု အခြေ အနေများ ကိုလည်းကောင်း၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ ထွက်ရှိလာမည့် ထုတ်ကုန်များ အဆင်ပြေချောမွေ့စွာ စီးဆင်း နိုင်စေရေးအတွက် သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများ နှင့် ကြိုတင် ညှိနှိုင်း ဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်းကောင်း၊ အသက် မွေးဝမ်းကျောင်း လုပ်ငန်းများထူထောင်လုပ်ကိုင်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ နည်းပညာပြန့်ပွားရေး နှင့် သတင်း အချက်အလက် ဖလှယ်ရေး အစီအမံများကိုလည်းကောင်း သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဒုတိယ ဝန်ကြီး ဦးလှကျော် က လိုအပ်ချက်များ ဖြည့်ဆည်းဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။