ဘဏ္ဍာနှစ်အလိုက် လျာထားသတ်မှတ်ထားရှိသည့် စီမံကိန်းလုပ်ငန်းများ အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ဘဏ္ဍာငွေကြေး လေလွင့်ဆုံးရှုံးမှုမရှိစေရန် ပြဌာန်း သတ်မှတ်ထားသော ဥပဒေ လုပ်ထုံးလုပ်နည်း မူဝါဒများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ မတ်လ(၅)ရက်နေ့ နံနက် ၁၁ နာရီ က နေပြည်တော် ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောသည်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံအကျိုး အကောင်းဆုံး သည်ပိုးရွက်ဆောင်နိုင်ရန် မိမိကိုယ်ကို ကောင်းအောင် ပြုစု ပျိုးထောင်ကြရန် လို ကြောင်း၊ လူထု၏လိုအပ်ချက်ကို ထဲထဲဝင်ဝင်သိရှိနိုင်ရန် လူထုနှင့်ထိတွေ့ခြင်း၊ တွေ့ကြုံ နေကြရသည့် အခက်အခဲများကို တိုင်ပင်ဆွေးနွေးအဖြေရှာခြင်း၊ ကြိုးစား ကူညီပေးခြင်း စသည့် ကောင်းမြတ်သော လုပ်ငန်းသဘာဝများ ဖော်ဆောင်ကြိုးပမ်းကြစေလိုကြောင်း၊ တိရစ္ဆာန်မှ လူသို့ကူးစက်ရောဂါနှင့် ပဋိဇီဝဆေးယဉ်ပါးမှု ပြဿနာများအား ကာကွယ်တားဆီး ထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေးဦးစီးဌာန နှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အစွမ်းကုန်ကြိုးစားအားထုတ်ကြရမှာဖြစ်ကြောင်း၊
မွေးမြူထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်းများ ကောက်ယူသုံးသပ်ခြင်း၊ မျိုးရင်းများထိန်းသိမ်းခြင်း၊ ဈေးကွက်နှင့် ကိုက်ညီ သော မျိုးကောင်းမျိုးသန့်များ ပိုမိုမွေးမြူထုတ်လုပ်နိုင်ရန် လိုအပ်သောအစာ၊ မျိုးနှင့် စားကျက် မြေများ လုံလောက်စွာ ရရှိရေးအတွက် သုတေသနလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မေထုန်မဲ့ သားစပ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေခြင်း၊ ရန်ပုံငွေရှာဖွေခြင်း၊ နည်းပညာဖြန့်ဖြူးခြင်း၊ တိရစ္ဆာန် ကျန်းမာရေးစစ်ဆေးမှု၊ တိရစ္ဆာန်ရောဂါထိန်းချုပ်ဇုန် နှင့် တိရစ္ဆာန်ရောဂါစောင့်ကြည့် ထိန်းသိမ်းရေးစခန်းများ ထူထောင်နိုင်ရန်လိုအပ်သည့် ဓာတ်ခွဲခန်းအဆင့်မြှင့်တင်ခြင်း၊ ဓာတ်ခွဲခန်း သုံး ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်း၊ သင်တန်းများပို့ချခြင်း၊ သုတေသနကို အခြေခံသည့် လုပ်ငန်းစီမံချက်များ ချမှတ်ဆောင်ရွက်ခြင်း၊ လုပ်ငန်းစဉ်အဆင့်တိုင်းတွင် ပြန်လည်သုံးသပ် စစ်ဆေးအကဲဖြတ်ခြင်း(M&E process)တို့ကို ပြည့်စုံစွာထည့်သွင်းဆောင်ရွက်မှသာ မိမိတို့ဝန်ကြီး ဌာန၏ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ က ဒေသအလိုက် ဆောင်ရွက်ပြီးစီးခဲ့သည့်် လုပ်ငန်းများ နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း ဆိုင်ရာများ၊ လက်ရှိဆောင်ရွက်လျက်ရှိသော မွေးမြူထုတ်လုပ်မှုကဏ္ဍနှင့် ရောဂါထိန်းချုပ်ရေး ကဏ္ဍအသီးသီးမှ လုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာရလဒ်များ နှင့် ကိုက်ညီမှုများအား ဆွေးနွေးသုံးသပ်ခဲ့သည်။
၎င်းနောက် ၂၀၂၀ပြည့်နှစ် မတ်လ(၄)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် စာတမ်းဖတ်ပွဲ၏ ဆုရစာတမ်းရှင်များကို ပြည်ထောင်စုဝန်ကြီး က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံရေးအပြင် ပြည်ပပို့ကုန် မြှင့်တင်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများသို့ ကျွဲနွားများ တရားဝင်တင်ပို့ခြင်း မှ နိုင်ငံ တော်ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ သန်း (၅၀၀) ကျော် ရှာဖွေပေးနိုင်ခဲ့ပြီး ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ နှင့် “မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ သို့ တင်ပို့မည့် ကျွဲနွားများအတွက် ထိန်းသိမ်း စောင့်ကြည့်ရေး နှင့် ကျန်းမာရေး လိုအပ်ချက်များ အစီအမံ” ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ မွေးမြူရေးဆိုင်ရာ အရင်းအမြစ်များ ထိန်းသိမ်း နိုင်ရန် ကျွဲနွားမှတ်ပုံတင်ခြင်းစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။