ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယအကြိမ် စိုက်ပျိုးရေးသုတေသန စာတမ်း ဖတ်ပွဲကျင်းပ။

          စိုက်ပျိုးရေးသုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်လာစေရေးအပြင် တဖက်မှလည်း သဘာဝအရင်းအမြစ်များဖြစ်သည့် ရေ၊ မြေ၊ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင် တို့နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်တည်တံ့နိုင်မည့် စိုက်ပျိုးရေးလုပ်ငန်းများ ဖော်ထုတ်ပေးနိုင်ရေး၊ သုတေသနရလဒ်များကို တောင်သူများ လက်တွေ့ အသုံးချနိုင်သည့် နည်းပညာအဖြစ်ပြောင်းလဲဖြန့်ဝေပေးနိုင်ရေး လုပ်ငန်းများကို သက်ဆိုင်သူ အားလုံးတို့က ဝိုင်းဝန်းအကောင် အထည်ဖော်ဆောင်ပေးကြစေလိုကြောင်း မတ်လ(၅)ရက်နေ့ နံနက် ၉ နာရီ အချိန်က နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရေဆင်း ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန နဝရတ်ခန်းမ ၌ ကျင်းပပြုလုပ်သည့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၏ ဒုတိယအကြိမ် သုတေသနစာတမ်း ဖတ်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က  ပြောကြားသည်။

         စာတမ်းဖတ်ပွဲသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ လွှတ်တော်ရေးရာကော်မတီများ မှ တာဝန်ရှိသူများ ၊ နေပြည်တော် ကောင်စီဝင် ၊ အမြဲတမ်းအတွင်းဝန် နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေး တက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ ၊ ပါမောက္ခဌာနမှူးများ၊ သုတေသနပညာရှင်များ၊ ပြည်ပ ပညာသင်များ ၊ ဘွဲ့ကြို ဘွဲ့လွန် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အဖွင့်အမှာ စကား ပြောကြား ပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း က စာတမ်း ဖတ်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် သုတေသနလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာရန် သုတေသနရန်ပုံငွေကို တိုးမြှင့်ပေးခြင်း၊ အဆင့်မြင့် ဓါတ်ခွဲခန်း အသုံးအဆောင် ကိရိယာများ၊ အဆောက်အဦများကို ဖြည့်ဆည်း ပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ တစ်ဖက်မှလည်း စွမ်းဆောင်ရည် မြင့်မားရေးအတွက် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ကာလတို၊ ကာလရှည် သင်တန်းများ စေလွှတ်ပေးခြင်း၊ မဟာသိပ္ပံ နှင့် ပါရဂူသင်တန်းများ စေလွှတ်ပေးခြင်း၊ ပညာသင် ထောက်ပံ့ ကြေး ခံစားနိုင်ခွင့်ဆောင်ရွက်ပေးခြင်း တို့ကို တိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန အနေဖြင့် သုတေသန တွေ့ရှိချက်များကို အခြေခံပြီး အပတ်စဉ်၊ နှစ်စဉ် စာတမ်းဖတ်ပွဲများ စဉ်ဆက်မပြတ် ကျင်းပခြင်း ၊ မြန်မာ့စိုက်ပျိုးရေး သုတေသန ဂျာနယ် ကို နှစ်စဉ် ပုံနှိပ်ထုတ်ဝေခြင်း နှင့် မီဒီယာအားကိုအသုံးချလျက် သုတေသန နည်းပညာမျှဝေခြင်း၊ နည်းပညာအသစ်များ ပြန့်ပွားရေးလုပ်ငန်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ “ပိုမိုကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စိုက်ပျိုးရေးစနစ်” (Smart Green Agricultural Farming System) ခေါင်းစဉ်ဖြင့် ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် သုတေသနစာတမ်းဖတ်ပွဲတွင် စပါး၊ ပြောင်းနှင့် အခြား နှံစားသီးနှံဆိုင်ရာ စာတမ်း(၂၁)စောင်၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံဆိုင်ရာ (၁၄)စောင်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံနှင့် ပတ်သက် သည့် စာတမ်း(၉)စောင်၊ စက်မှုကုန်ကြမ်းသီးနှံ ဆိုင်ရာ (၂)စောင်၊ မြေဆီလွှာ၊ စိုက်ပျိုးရေနှင့် ပတ်သက်သည့် စာတမ်း(၉)စောင်၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ စာတမ်း(၇)စောင်၊ အပင်ဗီဇအရင်းအမြစ်ဆိုင်ရာစာတမ်း(၁)စောင်၊ စက်မှုလယ်ယာနှင့် ပတ်သက် သည့် စာတမ်း(၂)စောင်၊ လူမှုစီးပွားရေးဆိုင်ရာစာတမ်း(၁)စောင် စုစုပေါင်း စာတမ်း (၆၆)စောင် တို့အား  တင်သွင်းဖတ်ကြား ကြမည်ဖြစ်ကြောင်းသတင်းရရှိသည်။