သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ  ဇန်နဝါရီလ ၅ ရက် နေ့ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် တံခါးကြီးကျေးရွာ နှင့် ညောင်ဦးမြို့နယ် ချောက်ကန်ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး  ဒေသနေပြည်သူများ ကျေးရွာရပ်မိရပ်ဖများ၊ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် ကျောက်ပန်းတောင်းမြို့နယ် တံခါးကြီးကျေးရွာသို့ရောက်ရှိကြပြီး ကျေးရွာရေပေးဝေရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် တိုင်းဒေသကြီးဦးစီးမှူး တို့က မန္တလေးတိုင်းဒေသကြီးအတွင်း နွေ ရာသီ သောက်သုံးရေရှားပါးပြတ်လပ်မှုအခြေအနေများ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း  မန္တလေးတိုင်းဒေသကြီး ၌ ပြည်ထောင်စုဘဏ္ဍာရံပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသော ကျေးလက်ရေရရှိရေးလုပ်ငန်းများ နှင့် ကျောက်ပန်းတောင်း မြို့နယ်အတွင်း ကျေးလက်ရေရရှိရေးဆောင်ရွက်ပေး နိုင်ခဲ့မှုများကို  ရှင်းလင်း တင်ပြကြသည်။

ကျောက်ပန်းတောင်းမြို့နယ် တွင် ကျေးရွာအုပ်စု ၁၀၉ အုပ်စုရှိပြီး ကျေးရွာပေါင်း ၃၃၉ ရွာ ၊ အိမ်ခြေ ၄၆၉၄၀ အိမ် နှင့် လူဦးရေ ၂၅၁,၉၃၅ ဦးရှိသည်။  သောက်သုံးရေရရှိမှုအနေဖြင့် တွင်းတိမ် ၇၂၀ တွင်း၊ တွင်းနက် ၁၈၆ တွင်း၊ လက်တူးတွင်း ၇၂ တွင်း၊ မြေသားရေကန် ၁၃၁ ကန် ၊ စိမ့်စမ်း ၆၄ တွင်း၊ အိမ်တိုင်ရေသွယ်စနစ် ၉ ခု တို့မှ ရယူအသုံးပြုနေခြင်းဖြစ်ပြီး နွေ ရာသီ သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ကြုံတွေ့နေရခြင်းအပေါ် ထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်ရေရရှိရေးလုပ်ငန်းများ ကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညောင်ဦးမြို့နယ် ချောက်ကန် ကျေးရွာ သို့ ရောက်ရှိကြပြီး ဒေသနေပြည်သူများ ကျေးရွာရပ်မိရပ်ဖများ၊ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံကာ ကျေးရွာအတွင်း အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော လူထုဗဟိုပြုစီမံကိန်းလုပ်ငန်း နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ၊ ဒေသနေပြည်သူများ၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များ ကူညီ ဖြည့်ဆည်းပေးနိုင်ရေး မေးမြန်းဆွေးနွေးရာ ကျေးရွာသူ ကျေးရွာသားများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များတင်ပြကြသည်။

တင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီး က သက်ဆိုင်ရာ ဌာတာဝန်ရှိ သူများ က အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရန် နှင့် ဘဏ္ဍာငွေခွင့်ပြုချက်အရ ဆောင်ရွက် ရန် အခက်အခဲရှိသောလုပ်ငန်းများအတွက် ဝန်ကြီးဌာနက အကောင်အထည်ဖော် လျက်ရှိသည့် မျှဝေခြင်းအစီအစဉ်မှ ကူညီဆောင်ရွက်ပေး နိုင်ရေး ဆွေးနွေးမှာကြား ခဲ့ကြောင်း သတင်းရရှိသည်။