ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အေးချမ်းသာစံပြကျေးရွာ တွင် ဆောင်ရွက်လျက်ရှိသည့်  ဖွံ့ဖြိုးရေးလုပ်ငန်းများ အား ကွင်းဆင်ကြည့်ရှုစစ်ဆေး

ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် ရေတွင်း ရေကန် လမ်း တံတား အဆောက်အအုံများတည်ဆောက်ပေးသည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ တိုးတက်ရေး သာမက ဒေသနေပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ တိုးတက် ဖွံ့ဖြိုးရေးတို့ကိုလည်း အလေးပေး ထည့်သွင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများအပါအဝင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် အသက်မွေးဝမ်းကျောင်းပညာရပ်များ ဖြန့်ဝေပေးခြင်းကိုပါ အလေးထား ထည့်သွင်း ဆောင်ရွက်မှသာ မိမိတို့အားလုံးမျှော်မှန်းထားသည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော စံပြ ကျေးရွာများ ပေါ်ထွန်းလာမှာဖြစ်ကြောင်း ဖေဖေါ်ဝါရီလ (၅)ရက်နေ့ နံနက် ၉ နာရီက နေပြည်တော် တပ်ကုန်းမြို့နယ်၊ အေးချမ်းသာစံပြကျေးရွာ တွင် ဆောင်ရွက်လျက်ရှိသည့်  ဖွံ့ဖြိုးရေးလုပ်ငန်းများ အား ကွင်းဆင်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကပြောသည်။

စိုက်ပျိုးရေး၊မေွးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာဆင်းရဲမှုလျော့ချရေးဗဟိုဌာ(IPRCC) တို့ ပူးပေါင်း၍ အေးချမ်းသာစံပြကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးစံပြစီမံကိန်း သို့ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့ ရောက်ရှိစစ်ဆေးစဉ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က စီမံကိန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် ဒေသနေပြည်သူများ ၏  တက်ကြွစွာပူးပေါင်းပါဝင်မှုများ ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးမှာကြားရာ၌ ဒေသနေ ပြည်သူများ၏ ဝင်ငွေတိုးပွားရေးနှင့် လူနေမှုဘဝများမြင့်မားတိုးတက်ရေးတို့အတွက် မိမိတို့ဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနများ က လက်တွေ့အသုံးချနည်းပညာပေး သင်တန်းများ ဆောင်ရွက်ပေးကြရန် နှင့် လက်တွေ့လုပ်ကိုင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းများအတွက် လိုအပ်သော ကူညီဖြည့်ဆည်းပေးမှုများကို ဆောင်ရွက်ပေးကြရန် လိုကြောင်း ၊ အလားတူပင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် ရာ၌ ပညာရေး ကျန်းမာရေး လိုအပ်ချက်များအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ အမှိုက်များကို စနစ်တကျ ခွဲခြား စွန့်ပစ်ခြင်း၊ မီးဖိုချောင်သုံးအမှိုက်များအား သဘာဝမြေသြဇာပြုလုပ်သုံးစွဲခြင်း စသည့် လူနေမှုစနစ်မြင့်မားရေးအခြေခံကောင်းများကို စံပြကျေးရွာများ ကစတင်ပြီး ရှေ့ဆောင် လမ်းပြ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ကြရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျကျန်ရစ်ခြင်းမရှိစေပဲ အားလုံးတပြေးညီ ဖွံ့ဖြိုး စေရေးအတွက် သက်ဆိုင်သူအားလုံးတို့က ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ကျေးရွာသူကျေးရွာသားများအား ခင်မင် ရင်းနှီးစွာ နှုတ်ဆက်ပြီး ကျေးရွာရေပေးရေးလုပ်ငန်း၊ ကျေးလက်ဆေးပေးခန်း၊ ကျေးရွာပျိုးဥယျာဉ် တည်ဆောက်ထားရှိမှု နှင့် အိမ်ထောင်စုအလိုက် တပိုင်တနိုင် စိုက်ပျိုးလုပ်ကိုင်နေမှု (Home Garden) တို့ကိုလည်းကောင်း၊ စာသင်ကျောင်းဆောင်သစ် တည်ဆောက်ထားရှိမှု ၊ ကျေးလက်လမ်းများ နှင့် စံပြဝက်မွေးမြူရေးခြံများကို လှည့်လည် ကြည့်ရှု စစ်ဆေးအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။