နိုင်ငံတော်အဆင့်သတင်း သတင်းကဏ္ဍ

တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ စုံညီ အစည်းအဝေး ကျင်းပ

တောင်သူလယ်သမား အခွင့်အရေးကာကွယ််ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင် အဖွဲ့ စုံညီအစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ တောင်သူ လယ်သမား အခွင့်အရေးကာကွယ််ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက်လူမှုဘဝဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းဥက္ကဋ္ဌ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ တောင်သူလယ်သမား အခွင့်အရေးကာကွယ််ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မြန်မာနိုင်ငံ၏ အဓိကသီးနှံဖြစ်သည့် ဆန်၊ စပါးထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခုဖြစ်ပေါ်နေသော ပြည်ပဝယ်လိုအား ကျဆင်းခြင်းကြောင့် အခြေခံရည်ညွှန်းစပါး စျေးနှုန်း ထုတ်ပြန်ပေးရန် လိုအပ်ချက်ကြောင့် ဆန်စပါးစျေးကွက် နှင့် စျေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး ထုတ် လုပ်မှုကုန်ကျစရိတ် တွက်ချက်သုံးသပ်စေ၍ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် အခြေခံရည် ညွှန်းစပါးစျေးနှုန်း ထုတ်ပြန်ကြေညာခဲ့ပါကြောင်း။

အဆိုပါ ထုတ်ပြန်ကြေညာချက်အပေါ် အကောင်အထည်ဖော်နိုင်ရေးနှင့် သကြား ကဏ္ဍ၊ ငါး၊ ပုစွန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးအတွက် ဦးဆောင် အဖွဲ့ဝင်များမှ ယခုကျင်းပသည့် အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွား ကြရန် ဦးဆောင်အဖွဲ့၏ စုံညီအစည်းအဝေးကို ခေါ်ယူခြင်းဖြစ်ပါကြောင်း။

ဦးဆောင်အဖွဲ့အနေဖြင့် ဥပဒေပုဒ်မ (၂၃) အရ ဝယ်ယူမည့် လယ်ယာထုတ်ကုန် အမျိုးအစားနှင့် အစီအစဉ်တို့ကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူ၍ စပါးတင်း (၁၀၀)၏ အခြေခံရည်ညွှန်းစပါးစျေးနှုန်းကို ကျပ်ငွေ (၅) သိန်း အဖြစ် ၂၀၁၉ ခုနှစ် အောက်တိုဘာ (၁၅)ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ ထုတ်ပြန်ရ ခြင်း၏ ရည်ရွယ်ချက်သည် စျေးကွက်ပေါက်စျေးက အခြေခံရည်ညွှန်းစပါးစျေးနှုန်း အောက်ကို ကျဆင်းနေပါက အခြေခံရည်ညွှန်းစပါးစျေးအတိုင်း ဝယ်ယူပေးခြင်းအား ဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို မြှင့်တင်နိုင်ရန်ဖြစ်ပါကြောင်း။

စပါးဝယ်ယူရန်လိုအပ်လာပါက နိုင်ငံတော်မှ လှည့်ပတ်ရန်ပုံငွေကျပ် (၁၅) ဘီလီယံ ကို သုံးစွဲခွင့်ပြုထားပေးပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ စပါး/ဆန်ဝယ်ယူရေးကြီးကြပ်မှု လုပ်ငန်းအဖွဲ့များအနေဖြင့် မိမိတို့ဒေသအတွင်း စပါးဝယ်ယူရန်လိုအပ်ပါက လယ်ယာ ထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြဆောင်ရွက်သွားနိုင်ရေးအတွက် နေပြည်တော် ကောင်စီနယ်မြေဥက္ကဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက ကြီးကြပ်ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း။

ထို့ပြင် ပြည်တွင်း၌ စပါးလက်ကျန်များပြားမှုကြောင့် စျေးနှုန်းကျဆင်းခြင်းကို ထိန်းကြောင်းနိုင်ရန် လုံးသွယ်အမျိုးအစား စပါးကို စပါးအတိုင်း ပြည်ပသို့တင်ပို့ရောင်းချ ခွင့်ကိုလည်း၂၀၁၉ ခုနှစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ တင်ပို့ခွင့်လိုင်စင် ခွင့်ပြုပေး မည်ဖြစ်ပြီး တန်ချိန်(၂)သိန်းမှ စတင်ခွင့်ပြုမည်ဖြစ်ပါကြောင်း။

၂၀၂၀ ခုနှစ်ဇန်နဝါရီ (၃၁)ရက်နေ့ အပြီးတင်ပို့ရန်နှင့် လိုအပ်ပါက တန်ချိန် (၅)သိန်းအထိ တင်ပို့ခွင့်ပြုမည်ဖြစ်ပါကြောင်း၊ လယ်ယာထုတ်ကုန်များ သင့်တင့်မျှတ သည့်စျေးနှုန်းနှင့်စျေးကွက်ရရှိရန် ဆောင်ရွက်ရာတွင် ဆန်စပါးအပြင် လက်ရှိဖြစ်ပေါ် နေသည့် သကြားစျေးကွက်နှင့်စျေးနှုန်း တည်ငြိမ်မှုမရှိခြင်း၊ စျေးနှုန်းကျဆင်းခြင်းတို့ကြောင့် ကြံစိုက်ပျိုးသူနှင့် သကြားစက်ရုံပိုင်ရှင်တို့ နှစ်ဦးနှစ်ဘက်အကျိုးအမြတ် ညီညွတ်မျှတ အောင် စီမံဆောင်ရွက်ပေးနိုင်ရေးလည်း လိုအပ်လျက်ရှိပါကြောင်း၊ သို့မှသာ ကြံစိုက်ပျိုး ထုတ်လုပ်မှု မကျဆင်းဘဲ ကြံစိုက်တောင်သူများ၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။

ပြည်တွင်းသကြားလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်တိုးမြင့် လာစေရန်အတွက်၂၀၁၉ ခုနှစ် စက်တင်ဘာအတွင်း ကျင်းပပြုလုပ်ခဲ့သည့် Sugar Forum မှတင်ပြချက်အရ Re – export သကြားလက်ကျန်များအား ပြည်တွင်းသို့ ပြန် လည်ရောင်းချမှုမရှိစေရေး၊ တရားမဝင်သကြားများ ပြည်တွင်းဝင်ရောက်မှု မရှိစေရေး၊ ပြည်ပမှတင်သွင်းသည့် Import Sugar တင်သွင်းရာမှာလည်း အမှန်တကယ် လိုအပ် ချက်ကိုသာ တင်သွင်းနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများက စီမံကြီးကြပ်ဆောင်ရွက် သွားနိုင်ရေး အလေးအနက်ထားတိုက်တွန်းလိုပါကြောင်း။

လက်ရှိအခြေအနေအရ သကြားစျေးကျဆင်းနေခြင်း၊ သကြားလက်ကျန်များ ကျန်ရှိနေခြင်းတို့ကြောင့် ယခုကြံကြိတ်ဝါးရာသီတွင် ယခင်နှစ်ကြံစျေးနှုန်းထက် (၁)တန် လျှင်(၂၀၀၀)ကျပ်မှ (၅၀၀၀)ကျပ်အထိ လျှော့ချဝယ်ယူနေသည့်အတွက် နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သကြားစက်ရုံပိုင်ရှင်နှင့် တောင်သူများအကြား ညှိနှိုင်းဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း။

စိုက်ပျိုးရေးကဏ္ဍအပြင် မွေးမြူရေးကဏ္ဍတွင်လည်း ရေထွက်ပစ္စည်းနှင့် ငါး၊ ပုစွန် မွေးမြူရေးကဏ္ဍသည် လက်ရှိအခြေအနေတွင် အလားအလာကောင်းများရှိနေပါကြောင်း၊ ရေထွက်ပစ္စည်းများတင်ပို့မှုတွင်တိုးတက်မှုရှိသည်ကို တွေ့ရပါကြောင်း၊ မြန်မာ့ရေထွက် ပစ္စည်းများကို လက်ရှိတွင် နိုင်ငံပေါင်း(၄၀)ကျော်ကို တင်ပို့လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်မှစ၍ EU ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိကာလအထိ ငါး၊ ပုစွန်ပြုပြင် စက်ရုံ (၂၅)ရုံမှ ထုတ်လုပ်သော ရေထွက်ပစ္စည်းများကိုတင်ပို့လျက်ရှိပါကြောင်း။

အမျိုးသားအဆင့် ဓါတ်ကြွင်းထိန်းချုပ်မှုအစီအမံ (National Residue Monitoring Plan (NRMP) ကို ၂၀၁၄-၂၀၁၅ ခုနှစ်မှစတင် အကောင်အထည်ဖော်ခဲ့ပြီး (NRMP)တွင် ပါဝင်ဆောင်ရွက်ခဲ့သည့်စက်ရုံ (၁၇)ရုံမှ မွေးမြူရေးရေထွက်ကုန်များကို လည်း တင်ပို့ခွင့်ရရှိပြီးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာနိုင်ငံများမှ သတ်မှတ်ထားသော စည်းမျဉ်းများနှင့် စံချိန်စံညွှန်းကိုက်ညီစေရေးအတွက်လည်း ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ငါး၊ ပုစွန် ကဏ္ဍဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ပို့ကုန်များကို တန်ဖိုးမြှင့်တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွား စေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုလျှော့ချနိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ (ငါးကဏ္ဍ) စီမံကိန်းကို ကျေးရွာတစ်ရွာလျှင် ငွေကျပ်သန်း(၃၀)စီဖြင့် အကောင်အထည် ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

တောင်သူလယ်သမားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းနိုင်စေရန်နှင့် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေတွင် ဥပဒေ၏ အားနည်းချက်များကို သုံးသပ်၍ ခေတ် ကာလနှင့်လျော်ညီစွာ ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းနိုင်စေရန်အတွက် ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက်ခဲ့ရာ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တွင်် ဆွေးနွေးအတည်ပြု နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ လွှတ်တော်နှစ်ရပ်၏ သဘောထားကွဲလွဲမှုရှိသည့် ဥပဒေပုဒ်မ ပေါင်း (၉) ခုအတွက် ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီတွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့တွင် ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ရာ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးအတည်ပြုပြီးပါက ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား မကြာမီကာလတွင် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ပြဋ္ဌာန်းနိုင်တော့မည် ဖြစ်ပါကြောင်း။

ယနေ့ကမ္ဘာတွင် ပြောင်းလဲဖြစ်ပေါ်နေသော ရာသီဥတုဖြစ်စဉ်များအရ မိုးခေါင် ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ မိုးရွာသွန်းမှုပုံစံမမှန်ခြင်း အစရှိသည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ် များအလိုက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို နှစ်စဉ်စီမံချက်များ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီး မှုများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှလည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အရေးပေါ်ရန်ပုံငွေမှလည်းကောင်း၊ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေး လျက်ရှိပါကြောင်း။

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ၏ ရည်ရွယ်ချက်တစ်ရပ်ဖြစ်သည့် “သဘာဝဘေးအန္တရာယ်တစ်စုံတစ်ရာကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ထိခိုက်နစ်နာမှုများအတွက် ကူညီထောက်ပံ့မှုများကို အတတ်နိုင် ဆုံး အထောက်အကူပြုပံ့ပိုးရန်” ဟုပြဌာန်းပါရှိသည့်အားလျော်စွာ သဘာဝဘေးအန္တရာယ် ကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူလယ်သမားများအား နှစ်စဉ်ပံ့ပိုးကူညီ ဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း သီးနှံပျက်စီးဧက (၃၇၉၉၆၄ ဒသမ ၁၄)ဧကအတွက် အရေးပေါ်ရန်ပုံငွေမှထောက်ပံ့ငွေကျပ် (၇၃၂၂ ဒသမ ၆၈၅၇) သန်းကို တောင်သူများထံပေးအပ်ခဲ့ပြီး သီးနှံပျက်စီးဧက (၃၀၂၃၁၅)ဧကအတွက် အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် (၃၀၂၀.၁၅၀)သန်းကို တောင်သူများထံသို့ပေး အပ်နေဆဲဖြစ်ပါကြောင်း။

၂၀၁၉- ၂၀၂၀ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးမှုများ ကို အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ကူညီပေးရန်အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကိုမြှင့်တင်နိုင်ရေး အတွက် နိုင်ငံတော်တစ်ခုတည်းက သာမကဘဲ ဦးဆောင်အဖွဲ့မှအမိန့်ထုတ်ပြန် ဖွဲ့စည်း ပေးပြီးဖြစ်သည့် “လုပ်ငန်းကော်မတီများ”၊ “လုပ်ငန်းအဖွဲ့များ” အနေဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များပါ ပူးပေါင်းပါဝင်စေလျက် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့် တင်ရေး ဦးဆောင်အဖွဲ့ အတွင်းရေးမှူး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် အတွင်း တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ဆွေးနွေး တင်ပြသည်။

ဆက်လက်၍ ဦးဆောင် အဖွဲ့ဝင်များ ဖြစ်ကြ သည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် များ နှင့် ဝန်ကြီးများနှင့် တာဝန်ရှိသူများ က ဌာနအလိုက် ဆောင်ရွက် လျက်ရှိ သည့် တောင်သူလယ် သမားအခွင့်အရေး ကာကွယ််ရေး နှင့် အကျိုးစီးပွား မြှင့်တင် ရေး အတွက် ရေတိုရေရှည် ဆောင်ရွက် ရန် အကြံ ပြုချက်များ၊ အခြေခံ ရည်ညွှန်း စပါး စျေးနှုန်း ဖြင့် ဆန်းစပါးဝယ်ယူရေး ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူ ရေး ကဏ္ဍတွင် အထွက် နှုန်း တိုးတက် ရေး၊ စျေးကောင်း ရရှိရေး၊ သဘာဝဘေး အန္တရာယ်များ အတွက် ကြိုတင် ပြင်ဆင်ရေး၊ တားဆီးကာကွယ် ရေး၊ ပြန်လည် ထူထောင်ရေး ဆိုင်ရာ စီမံချက်များ ရေးဆွဲ ဆောင်ရွက်နေမှု၊ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ ဒေသ အလိုက် ဆောင်ရွက် ပေးရန် လိုအပ်ချက်များနှင့် အခက်အခဲ များ ကို ဆွေးနွေး တင်ပြကြ သည်။

ယင်းနောက် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွား မြှင့်တင် ရေး ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ဆွေးနွေးချက် များ အပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား ကာ စုံညီ အစည်းအဝေး ကို ရုပ်သိမ်းလိုက်သည်။