သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စိုက်ပျိုးရေးဦးစီးဌာန သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း

စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးခြင်းအပါအဝင် တောင်သူများ ကျေးလက်နေပြည်သူများ နှင့် နီးနီးကပ်ကပ် ထိတွေ့ဝန်ဆောင်ပေးလျက်ရှိကြသည့်  စိုက်ပျိုးရေးဝန်ထမ်းများအနေဖြင့် အသစ်အသစ်သော စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ များကို စဉ်ဆက်မပြတ်လေ့လာနိုင်ကြရန် ၊

ဘဏ္ဍာငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ နည်းစနစ်များ၊  ဥပဒေ လုပ်ထုံးလုပ်နည်းများ ၊ ဌာန က ချမှတ်ထားသော မူဝါဒ လုပ်ငန်းလမ်းညွှန်ချက်များ ကို ကြေညက်စွာ သိရှိနားလည် သဖြင့် လုပ်ငန်းခွင်အတွင်း ပိုမိုအောင်မြင်စွာ စွမ်းဆောင်နိုင်ကြစေရန် သင်တန်းများ ဖွင့်လှစ် ပေးခြင်း အပြင် လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံများ ဖလှယ်နိုင်ရန် သင်တန်း ဆွေးနွေး ပွဲများ ဆောင်ရွက်ပေးခြင်း၊ နည်းပညာပြန့်ပွားရေး လက်တွေ့သင်တန်းများ ဖွင့်လှစ် ပေးခြင်း တို့ကို စိုက်ပျိုးရေးဦးစီးဌာန က ဘဏ္ဍာနှစ်အလိုက်  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း   သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ (၄) ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် က  နေပြည်တော် ရုံးအမှတ် ၄၃ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် သင်တန်းကျောင်းအုပ်ကြီးများ၊ ဌာနခွဲ အသီးသီးမှ တာဝန်ရှိသူများတက်ရောက်ဆွေးနွေးကြသည်။

စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အခြေခံလုပ်ငန်းခွင် သင်တန်းများ၊ ဌာနခွဲသင်တန်းများ၊ အသုံးချသုတေသနစီမံခန့်ခွဲခြင်းသင်တန်းများ နှင့် စွမ်းရည်မြှင့်သင်တန်းများ အပါအဝင် သင်တန်း/ဆွေးနွေးပွဲ ပေါင်း (၁၆၂)ကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ်များ၊ ဌာနခြံများ၊ သင်တန်းကျောင်းများတွင် ဖွင့်လှစ်မည့် သင်တန်း/ဆွေးနွေးပွဲ အကြောင်းအရာများ အပေါ် သုံးသပ်အတည်ပြုနိုင်ရန် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း သိရှိရသည်။