ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

(၁၆) ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကျင်းပ

(၁၆)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၄ ရက် နေ့ နံနက် ()နာရီတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အာဆီယံ (၁၀)နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

                အစည်းအဝေးတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က အမှာစကားပြောကြားရာတွင် ဆင်းရဲမှုပြဿနာသည် တစ်ကမ္ဘာလုံး ရင်ဆိုင်နေရတာ ဖြစ်တဲ့အတွက် မိမိတို့ အာဆီယံဒေသတွင်း နိုင်ငံများလည်း ရင်ဆိုင်နေရကြောင်း၊ ဆင်းရဲမှုလျော့ချရေးဆိုင်ရာ မူဝါဒများ၊ အစီအစဉ်များ ထိရောက် အောင်မြင်မှုသည် ကျေးလက်လူထုအသိုင်းအဝိုင်းမှ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းတို့ ကိုယ်တိုင် ကြိုးပမ်း ဆောင်ရွက်နိုင်မည့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီပေးနိုင်မှုအပေါ် များစွာ မူတည်ပါကြောင်း၊ ဒါ့ကြောင့်တုန့်ပြန်နိုင်စွမ်းအားကောင်းသော လူမှုအသိုင်းအဝန်းဖန်တီး ပေးခြင်းသည် အဓိကကျသည့် အချက်ဖြစ်လာပါကြောင်း၊ ယခုအစည်းအဝေးများတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် အောင်မြင်ရေး၊ တုန့်ပြန်စွမ်းအားကောင်းသောရပ်ရွာများ ထူထောင်ပေးဆောင်ပုဒ်အပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဦးတည် ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့်လူမှုရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာမူဝါဒများ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ဖြစ်သည့် မြန်မာစဉ် ဆက်မပြတ် ဖွံ့ဖြိုးမှု အစီအစဉ် (MSDP)အား ရေးဆွဲချမှတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းအစီအစဉ်နှင့်အညီ ဆင်းရဲမှုလျော့ချရေး၊ ရေရှည်ကျေးလက်ဖွံ့ဖြိုးရေးတို့အတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာအားရေးဆွဲ၍ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ အခြေခံအဆောက်အအုံနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေရရှိရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေးဆိုင်ရာ ကျေးလက်ဖွံ့ဖြိုးရေး အစီအစဉ်များအား အကောင်အထည်ဖော်လျှက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းများဖြင့် မြန်မာနိုင်ငံ၏ ဆင်းရဲမှုအား ၂၀၁၇ ခုနှစ်တွင် ၂၄.၈ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့ပါကြောင်း၊

                အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းအစီအစဉ် မူဘောင်အနေဖြင့် ဆင်းရဲသူများနှင့် ထိခိုက်လွယ်အုပ်စုများမှ စီးပွားရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှုများတွင် တုန့်ပြန်နိုင်စွမ်းအားကောင်းစေမည့် လုပ်ငန်းအစီအစဉ်များကို အဓိက ဦးတည်ထားပါကြောင်း၊ ယင်းမူဘောင်တွင် လူမှုဖွံ့ဖြိုးရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု များသည် အရေးပါသည့် အချက်များဖြစ်ပါကြောင်း၊ လူမှုအရင်းအနှီးတိုးတက်မြင့်မားမှုနှင့် လူမှုအသိုင်းအဝန်း ၏ တုန့်ပြန်နိုင်စွမ်းအားကောင်းမှုသည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ထိရောက်အောင်မြင်မှုကို အထောက်အကူဖြစ်စေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လူထုဗဟိုပြုစီမံကိန်းများအား အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ ယင်းစီမံကိန်း များမှ ကျေးလက်လူထု၏ အခြေခံအဆောက်အအုံ၊ အသက်မွေးဝမ်းကျောင်း၊ ဝင်ငွေ ရရှိရေးနှင့် အသိပညာမြင့်မားစေရေးတို့ကို တိုးတက်ဖြစ်ပေါ်စေပြီး တုန့်ပြန်နိုင်စွမ်းအား ကောင်းသောလူမှု အသိုက်အဝန်းတစ်ရပ် ဖန်တီးဖြစ်ပေါ်စေပါကြောင်း၊

                တုန့်ပြန်နိုင်စွမ်းအား ကောင်းသော လူမှုအသိုက်အဝန်းတစ်ရပ် ဖန်တီးပေးခြင်း သည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် ၂၀၃၀ ၏ မည်သူတစ်ဦး တစ်ယောက်မျှ နောက်ကျ ကျန်ရစ်မှု မရှိစေရေးမျှော်မှန်းချက်အောင်မြင်စေရန် အဓိကကျသည့် အချက်ဖြစ် ပါကြောင်း၊ ဒါ့ကြောင့်ယခုအစည်းအဝေးများ၏ ဆောင်ပုဒ်ဖြစ်သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် အောင်မြင်ရေး၊ တုန့်ပြန်စွမ်းအားကောင်းသော ရပ်ရွာများ ထူထောင်ပေး သည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် ၂၀၃၀ နှင့် အာဆီယံအသိုင်းအဝန်း မျှော်မှန်းချက် ၂၀၂၅ ထိရောက်အောင်မြင်စေရေးတို့အတွက် မောင်းနှင်အား တစ်ခု ဖြစ်ပါ ကြောင်း၊ မိမိတို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ယခုဆွေးနွေးမည့် ဆောင်ပုဒ် နှင့်အညီ မိမိတို့နိုင်ငံ အလိုက်အတွေ့အကြုံများအား အမြင်ချင်းဖလှယ်ဆွေးနွေးပေးကြဖို့တိုက်တွန်းလိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အမြဲမပြတ်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

               ထို့နောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ASEAN Socio-Cultural Community (ASCC) မှ ဒုတိယအတွင်းရေးမှူးချုပ် H.E Kung Phoak က အာဆီယံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အာဆီယံလုပ်ငန်းအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

                ယင်းနောက် ဒုတိယဝန်ကြီး က တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးသည်။

                ဆက်လက်၍ နေ့လည်ပိုင်းတွင် (၁၆)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေး နှင့် (၁၂)ကြိမ်မြောက် အာဆီယံ+၃ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုပပျောက်ရေး  ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေးတို့အား ဆက်လက်ကျင်းပရာ အာဆီယံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များအဆင့် အစည်းအဝေး၏ အလှည့်ကျ ဥက္ကဌ ဖြစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု ပပျောက်ရေး ဆိုင်ရာ လုပ်ငန်းအစီအစဉ်မူဘောင် (၂၀၁၅၂၀၂၀) ပါ စီမံကိန်းလုပ်ငန်းများ၏ တိုးတက်မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်+3 နိုင်ငံများ၏ ဆွေးနွေးချက်များအား အစည်းအဝေး တွင် အတည်ပြုနိုင်ရေး ဦးဆောင်ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။