ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြေသြဇာကော်မတီ ၏ အကြိမ်(၃၀)မြောက် အစည်းအဝေးကျင်းပ

         မြေသြဇာကော်မတီ ၏ အကြိမ်(၃၀)မြောက် အစည်းအဝေး ကို မတ်လ ၄ ရက် နေ့က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ ၌ ကျင်းပပြုလုပ်ရာ မြေသြဇာကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် ကော်မတီဝင်များ စုံညီစွာတက်ရောက်ဆွေးနွေးကြသည်။          အဆိုပါအစည်းအဝေးတွင် နည်းပညာကော်မတီက နည်းပညာပိုင်းအရ စိစစ်ထောက်ခံ တင်ပြလာသည့်  မြေသြဇာ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး အဆိုပြုလွှာ များ ကိုလည်းကောင်း၊ အများပြည်သူ သိရှိလိုက်နာရန်လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန် နိုင်ရေး ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ မြေသြဇာ သိုလှောင်ခြင်း၊ထုပ်ပြန်လည်ထုပ်ပိုးခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ပတ်သက်၍ လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

မြေသြဇာကော်မတီ အနေဖြင့် မြေသြဇာ မှတ်ပုံတင် ၇၂၀၉ စောင်ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး၊ သက်တမ်း ကျော်လွန် သဖြင့် ဌာနမှဖျက်သိမ်းခဲ့သည့် မြေသြဇာ မှတ်ပုံတင် ၁၁၅၈ စောင် ၊ ကာယကံရှင်မှ တင်ပြလာသဖြင့် မှတ်ပုံတင် ပယ်ဖျက်ခဲ့မှု ၉၈၀ စောင် ရှိသဖြင့် (၂၉)ကြိမ်မြောက် အစည်းအဝေးကျင်းပပြီးချိန် အထိ  မြေသြဇာမှတ်ပုံတင် ၅၀၇၁ စောင်ရှိခဲ့သည်။ ယနေ့ကျင်းပသည့် မြေသြဇာကော်မတီ ၏ အကြိမ်(၃၀) မြောက် အစည်းအဝေး တွင် နည်းပညာ ကော်မတီ က နည်းပညာပိုင်းအရ စိစစ် ထောက်ခံတင်ပြလာသည့်  အဆိုပြုလွှာ (၃၀၅)စောင် ကို မြေသြဇာမှတ်ပုံတင် ခွင့်ပြုပေးခဲ့ကြောင်း သတင်းရရှိသည်။