ဆောင်းပါး

ရိုးရာရက်ကန်းရှေ့တက်လှမ်း


ရက်ကန်းခတ်ခြင်းကို အိမ်တွင်းတစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် မြန်မာအမျိုးသမီးများ က အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြသည်။ မလေးလက်ခတ်သံ ဟုဆိုလျင် ရက်ကန်း သမ လေးများ ၏ လုပ်ငန်းခွင်က ထွက်ပေါ်လာသော ချစ်စရာအသံလို့ပင် ကြားယောင်မိကြရသည် အထိ မြန်မာ့ရိုးရာ အိမ်တွင်းမှု လုပ်ငန်းတစ်ရပ်အဖြစ် ရက်ကန်းကို အမှီပြုခဲ့ကြလေသည်။ ခေတ်ကာလတွေ ဘယ်လိုပင် တိုးတက်ပြောင်းလဲ လာခဲ့သော်လည်း ပုဆိုး၊ထမိန် စသည့် ကိုယ့်ရိုးရာဓလေ့ အဝတ်အစားကို ကနေ့ အထိတိုင် မပြောင်းမလဲ စွဲစွဲမြဲမြဲဝတ်ဆင်နေမှုက မြန်မာတို့ရဲ့ ချစ်မြတ်နိုးစရာ ရိုးရာယဉ်ကျေးမှု အစဉ်အလာကို စောင့်ထိမ်းနေမှုပင် ဖြစ်ပါသည်။

မြန်မာ့ရက်ကန်းလောကသည် အဝတ်အစားများပင်မက အိမ် အသုံးအဆောင်များ ဖြစ် သည့် ချည်စောင် အိပ်ယာခင်း၊ စားပွဲခင်း၊ လက်သုတ်ပုဝါ စသည်များကိုလည်း ထုတ်လုပ်ပေး နိုင်ခဲ့ ကြသည်။ ချည်စောင်ဟေ့ ဆိုလျှင် အထက်အညာမှာ ပခုက္ကူစောင်၊ မုံရွာစောင်များနှင့် အောက်ပြည် အောက်ရွာ ဘက်ရောက်လျှင် မုဒုံစောင်တွေက တစ်ခေတ်တစ်ခါက အလွန်ပင် နာမည်ကြီးလို့ နိုင်ငံ တစ်ဝန်းလုံး အားပေးသုံးစွဲလာခဲ့ကြပါသည်။ ပခုက္ကူဒေသထွက် နာမည်ကျော် ဝါဒစောင်ကို ဝင်းမြန်မာ ရက်ကန်းရုံမှ ၁၉၈၃ခုနှစ်တွင်စတင် ရက်လုပ်ခဲ့ပါသည်။ နန်းတော်ရှေ့ ဆရာတင်၏ သူဌေးဝါဒသီချင်း ကိုအစွဲပြု၍ သူဌေးဝါဒစောင် ဟုခေါ်ဝေါ်ခဲ့ရာမှ ဝါဒစောင်ဟုအမည် တွင်ခဲ့လေသည်။ ဝါဒစောင်၏ အဓိကအရောင်မှာ အနီ အနက် ဖြစ်ပြီး အလျား ၇ ပေ အနံ ၄ ပေ အရွယ် ရက်လုပ်ကြပါသည်။ မုံရွာမြို့၊ ဇောတိကစောင်စက်မှ စတင်ထုတ်လုပ်ခဲ့သည့် မုံရွာဂွမ်းဖွစောင်မှာ ဂွမ်းအမွေးပွများ ကပ်ထားဘိသကဲ့သို့ ရက်လုပ် ထားသဖြင့် အအေးဓါတ်ကို ကာကွယ်ခြုံလွှမ်းထားနိုင်လို့ လူကြိုက်များခဲ့သည်။ အနီ၊ အဝါ၊ အပြာ၊ အစိမ်း၊ လိမ္မော်၊ ပန်းရောင်တို့ကို ရောယှက်၍ နှစ်ထပ်ကွက်၊ ရာဇမတ်ကွက် ဒီဇိုင်းပုံဖော် ရက်လုပ် ထားကာ အနားကွပ်ကို ဖဲပြားစ၊ ချည်ပါးစတို့ဖြင့် ချုပ်လုပ်၍ အရည်အသွေးကောင်းမွန်စွာ ဈေးကွက် ထဲ တင်ပို့နိုင်ခဲ့ကြပါသည်။

သို့ပေမည့်လည်း ခေတ်ကာလတွေပြောင်းလဲလို့ နည်းပညာမျိုးစုံ ထွန်းကားလာချိန် တွင် ပြည်ပမှ အ​ရောင်အသွေးအဆင် မျိုးစုံလှသော မွေးပွဂွမ်းစောင်များ တင်သွင်းလာကြသဖြင့် ရိုးရာရက်ကန်းစင်များက ထုတ်လုပ်သော ချည်စောင်များ ဈေးကွက်ပျက်လာကြသည်။ ဝယ်ယူသုံးစွဲမှု နည်းပါးလာခြင်းနှင့်အတူ မြန်မာ့ချည်စောင် ရက်လုပ်ကြသည့်လုပ်ငန်းများ ပျောက်ကွယ်လာပြီး အသက် မွေး ကြသူ ရက်ကန်းသမားများလည်း တဖြေးဖြေး လျော့နည်း လာသည်။

ချည်စောင်သည် ဝါဂွမ်းစစ်စစ်ကထုတ်ယူသော ချည်မျှင်ကို အသုံးပြုရက်လုပ်ထား၍ အသုံးပြုသူ လူသားများအတွက် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်အောင် ကူညီပံ့ပိုး ပေးနိုင် သည်။ အေးသောအချိန်တွင် နွေးစေပြီး ပူသောအချိန်တွင် အေးမြစေသည်။ ရက်ကန်း တိုင်ချည်၊ ဖောက်ချည်များအကြား လေဝင်လေထွက်ရှိသမို့ မွမ်းကြပ်မှုမရှိ သုံးစွဲနိုင်ကြသည်။ လူသားတို့ ကျန်းမာ ရေးအတွက် များစွာအထောက်အကူ ဖြစ်စေသည်။ နေ့ပူလို့ညချမ်းသည့် မြန်မာ့ရာသီဥတုနှင့် အလိုက် ဘက်ဆုံးက ချည်စောင်များဖြစ်ပြီး ဥတုရာသီမရွေး အိပ်ယာ ဘေးထားလို့ အဆင်ပြေပြေသုံးစွဲနိုင်ခဲ့သည်။ သို့ပေမည့်လည်း ရိုးရာ ရက်ကန်းထည်များမှာ ဈေးနှုန်းသက်သာပြီး အဆင်အသွေးတောက်ပြောင်စွာ ဆွဲဆောင်မှုကောင်းလှသည့် ပြည်ပမှ တင်သွင်းလာသော ပိုလီစတားဖိုင်ဘာ စောင်များ၏ ဈေးကွက် ထိုးနှက်ချက်အောက်မှ ရုံးမထွက်နိုင် ဖြစ်နေရရှာလေသည်။

တကယ်တော့ ပိုလီစတားဖိုင်ဘာစောင်များသည် တွင်းထွက် ရေနံ၊ ကျောက်မီးသွေး များ က ထုတ်ယူသော ဓါတုပစ္စည်းများဖြစ်ပြီး ဝါဂွမ်းချည်မျှင်ပစ္စည်းများကဲ့သို့ လူသားတို့၏ ကျန်းမာရေးကို အထောက်အကူမဖြစ်နိုင်ပေ။ လေဝင်လေထွက်မကောင်းသဖြင့် စောင်ခေါင်းခြုံ အိပ်မိလျင် အသက်ရှူ ကြပ်ပြီး အန္တရာယ်ဖြစ်စေနိုင်သောကြောင့် ကလေးသူငယ်များ သက်ကြီး ရွယ်အိုများ အတွက် အထူးသတိ ထားစရာပင် ဖြစ်ပါသည်။ ထို့ပြင် သိုးမွေးလိုဖြစ်အောင် စက်မှု နည်းပညာနှင့် အမွေးဖွထားသဖြင့် ဆောင်း ရာသီမှာ အပူဓာတ်တွေ အများကြီး ထိမ်းထားပေး နိုင်သော်လည်း ထိုအမွေးပွတွေထဲမှာပင် ဘက်တီးရီး ယား ရောဂါပိုးများစွာကို မှီခိုနေထိုင်ရာကြီး အဖြစ်လည်း ဖန်တီးပေးထားသည့်ပုံ ဖြစ်နေပါသည်။ ခေတ်မှီ စက်ကြီးဖြင့် ဈေးကွက်အကြိုက် ဖန်တီးထုတ်လုပ်နိုင်မှုနှင့် စျေးနှုန်းသက်သာမှုရှိစေသည့် အားသာချက် များကြောင့် သုံးစွဲသူများ ပိုမို နှစ်ခြိုက်စေမည်ဖြစ်သော်လည်း ကျန်းမာရေးအရဖြစ်စေ အလွယ်တကူ သယ်ယူ သုံးစွဲချင် သည့် အခါတွင် ဖြစ်စေ ကိုယ့်ရိုးရာ ချည်စောင်လောက်ပင် လက်တွေ့ အသုံးမကျနိုင် တာက အမှန်ပင်ဖြစ်ပါသည်။

ဒေသအလိုက် မြန်မာ့ရိုးရာချည်စောင် ထုတ်လုပ်နေမှုများတွင် ကနေ့တိုင် ကြံ့ကြံ့ခံ ရပ်တည်နေနိုင်သေးသည်မှာ ပခုက္ကူရက်ကန်းလောကပင် ဖြစ်ပါသည်။ ပခုက္ကူချည်စောင်များ သည် ဥတု ရာသီမရွေး အဆင်ပြေစွာ သုံးစွဲနိုင်ခြင်း၊ ခေတ်နှင့်အညီ အဆင်ဒီဇိုင်းများ ပြောင်းလဲ လာခြင်း နှင့် ဈေးနှုန်း သင့်တင့်ခြင်းတို့ကြောင့် လူကြိုက်များလျှက်ရှိပါသည်။ ထို့အပြင် ဓါတုဆိုးဆေးများ ကြောင့် သုံးစွဲသူများ ဓာတ်မတဲ့ဖြစ်စေမှု ကျန်းမာရေးထိခိုက်နိုင်မှုများမှ ကင်းဝေးစေရန် သစ်ပင်၊ အသီး၊ အရွက်၊ အခေါက်များ မှ တိုက်ရိုက်ထုတ်ယူ ရရှိလာသော သဘာဝဆိုးဆေးများကို အသုံးပြုထားသည့့်် ဝါချည်များနှင့်သာ ဖန်တီးရက်လုပ် လာကြ သဖြင့် အဖိုးထိုက်တန်လှသော ဂုဏ်ယူဖွယ်ရာ မြန်မာ့ရိုးရာထုတ်ကုန်များ ဖြစ်လာ ကြပါသည်။

            သဘာဝဆိုးဆေးအသုံးပြုပြီး ချည်သား စစ်စစ်ဖြင့် ရက်လုပ်သော အဝတ်အထည်များ သည် ဝတ်ဆင်သုံးစွဲသူအဖို့ ကျန်းမာရေးနှင့် ညီညွတ်စေပြီး သက်တောင့်သက်သာ ရှိလှသည့် အတွက် ဈေးကွက် ရရှိလာနေပြီး နိုင်ငံခြားသားများက အိမ်ပြန် လက်ဆောင် အဖြစ် တဘက် ခြုံစောင်များ ကို နှစ်သက်မြတ်နိုးစွာ ဝယ်ယူအားပေးလာကြပါသည်။ ထို့အပြင် ဂျပန်နိုင်ငံ ရှိ နရီတာနှင့်ကန်ဆိုင်း အပြည် ပြည်ဆိုင်ရာလေဆိပ်ကြီးများရှိ မြန်မာ့လက်မှုထည် အရောင်း ဆိုင်များ သို့လည်း တင်ပို့ရောင်းချပေး လျှက်ရှိပါသည်။

                ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလက မန္တလေး၊ အမရပူရမြို့ရှိ ဆောင်းဒါးရက်ကန်းနှင့် သက်မွေး ပညာ သိပ္ပံကျောင်းတွင် ကျင်းပပြုလုပ်သည့် ရက်ကန်းအတတ်ပညာ ဒီဇိုင်း ပြပွဲနှင့် ပြိုင်ပွဲတွင် ကြာချည် ထုတ်လုပ်မှု သရုပ်ပြခြင်းနှင့် သဘာဝဆိုးဆေးဖြင့် ချည်ခင်ဆေးဆိုး သုံးစွဲခြင်း သရုပ်ပြကွက်များကို စိတ်ပါဝင်စားသူ အထူးများပြားလှသည်။ ပြပွဲဆိုင်ခန်းများတွင် မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ကိုင်းငယ်လေးရွာမှ လာရောက်ရောင်းချသည့် ဓါတု ကင်းလွတ် သော သဘာဝဆိုးဆေးသုံး ချည်ထည်များ တဘက်စောင်များကို ဝယ်ယူ သုံးစွဲသူများ က တန်ဖိုးနားလည် သိမြင်ကြသည့်အလျောက် အထူးပင် ဝယ်ယူအားပေးကြသည်ကို တွေ့ရ သဖြင့် အနာဂတ် မြန်မာ့ ရိုးရာရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး အတွက် အားတက် မိပါသည်။

ရက်ကန်းလုပ်ငန်းသည် မြန်မာအမျိုးသမီးများအတွက် အရင်းအနှီးများစွာမလိုအပ်ဘဲ အိုး မကွာ အိမ်မကွာ အိမ်တွင်းလုပ်ငန်း ထူထောင်နိုင်သကဲ့သို့ ရပ်ရွာအတွင်း မိသားစု လုပ်ငန်း များ အနေဖြင့် လည်း အလုပ်အကိုင်အခွင့်အလမ်း များစွာ ပေါ်ထွန်းစေပါသည်။ ရက်ကန်း ပညာကို စနစ်တကျ ကျွမ်းကျင်တတ်မြောက်စေရန် အတွက်လည်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တွင် ရက်ကန်း နှင့် အသက်မွေးပညာသင်ကျောင်း ပေါင်း ၁၄ ကျောင်းကို နိုင်ငံတစ်ဝန်း ထူထောင် ဖွင့်လှစ် ပေးထားပါသည်။ တက္ကသိုလ်ဝင်တန်း အောင်မြင် ပြီးသူများအနေဖြင့် အမရပူရမြို့ရှိ ဆောင်းဒါး ရက်ကန်းပညာသိပ္ပံကျောင်းတွင် တစ်နှစ်ဒီပလိုမာ သင်တန်း တက်ရောက်ပြီး ရက်ကန်းနဲ့ အဝတ် အထည်ဒီဇိုင်းပညာရပ်များကို လေ့လာသင်ယူနိုင် ပါသည်။ ထို့အပြင် လွန်းရာကျအချိတ် (ကြိုးကြီးချိတ်) ပညာ (၆)လသင်တန်း၊ ရွှေချည်ထိုး ငွေချည်ထိုး ပညာ(၃)လ သင်တန်းများ ကိုလည်း လေ့ကျင့်သင်ကြားပေးလျှက်ရှိပါသည်။

ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းပေါင်း(၁၃)ကျောင်းကို ကချင် ပြည်နယ် မြစ်ကြီးနားမြို့၊ကယားပြည်နယ် လွိုင်ကော်မြို့၊ ကရင်ပြည်နယ် ဖားအံမြို့၊ ချင်းပြည်နယ် ဖလမ်းမြို့ နှင့် မင်းတပ်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့၊ မကွေးတိုင်း ဒေသကြီး  ပခုက္ကူမြို့၊ မန္တလေးတိုင်းဒေသကြီး  မိထ္တီလာမြို့၊ မွန်ပြည်နယ် မုဒုံမြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့ ရှမ်း ပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ မြို့တို့တွင် ဖွင့်လှစ်ပေး ထားပြီး အလယ်တန်းပညာအဆင့် ပြီးမြောက်သူများအတွက် ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်း၊ မူလတန်း ပညာအဆင့်ပြီးမြောက်သူများအတွက် လက်ရက်ကန်းပညာ(၆)လသင်တန်း၊ ရက်ကန်း လုပ်ငန်း ဆိုင်ရာ ချည်ဆေးဆိုးခြင်း၊ ပန်းပုံရိုက်ခြင်း သင်တန်းများကို တက်ရောက်သင်ကြား နိုင်ပြီး သင်တန်းသားများ အားလုံးကိုလည်း သင်တန်းကာလတလျှောက်လုံး နိုင်ငံတော်အစီအစဉ်ဖြင့် လစဉ် ပညာသင်ထောက်ပံ့ကြေး ၃၀၀၀၀ကျပ် ထောက်ပံ့ပေးလျှက်ရှိပါသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် အိမ်တွင်းမှုရိုးရာ ရက်ကန်း လုပ်ငန်း များ ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် နိုင်ငံတစ်ဝန်းရှိ ရက်ကန်းသင်တန်းကျောင်း အသီးသီး တွင် ရက်ကန်း ပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာတွင် ၂၀၁၆ ခု ပညာသင် နှစ်မှ ၂၀၂၀ ပညာသင် နှစ်များအတွင်း ဒီပလိုမာအဆင့် (၁၂၂) ဦး၊ ရက်ကန်း အတတ် ပညာ ဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု (၁၈၁၃)ဦး ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဖြစ်ပါသည်။ နှစ်စဉ် လည်း သက်ဆိုင်ရာ ဒေသအလိုက် ရက်ကန်းပညာသင်ကြားလိုသူများကို လက်ခံ သင်ကြား ပေးလျှက်ရှိပြီး တစ်ပိုင်တစ်နိုင်အိမ်တွင်းမှု ရက်ကန်းလုပ်ငန်း တည်ထောင်လိုသူများ ကိုလည်း အားပေးကူညီလျှက်ရှိပါသည်။

ယခုအခါ ကိုဗစ်ကပ်ရောဂါ၏ ထိခိုက်မှုအရှိန်ကြောင့် ပြည်တွင်းပြည်ပမှ မိမိဇာတိ ရပ်ရွာ သို့ပြန်လည် ဝင်ရောက်လာသူများအဖို့ ရိုးရာရက်ကန်းလုပ်ငန်းကို စိတ်ပါဝင်စား၍ ထူထောင်ဆောင်ရွက် နိုင်ပါက ပြည်တွင်းအဝတ်အထည် လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်း ပေးနိုင်ရုံမျှ မက အိမ်အသုံးအဆောင် စားပွဲခင်း၊ အိပ်ယာခင်း၊ လက်သုတ်ပုဝါ နှင့် ပျိုမေတို့ လွှမ်းခြုံစရာ အလှတဘက်များ အိပ်ယာခြုံစောင် များကို တိုးတက်ထုတ်လုပ် လာနိုင်ပါမည်။ အိမ်သုံး၊ ရုံးသုံး၊ ဟော်တယ်သုံး အဝတ်ပိတ်စအသုံးပြုကြ သော နေရာများတွင် လှပဆန်းသစ် သော မြန်မာ့အနုလက်ရာဟန်ပန်များ တိုင်းရင်းသားတို့၏ အဆင် ဒီဇိုင်းများကိုပါ ထည့်သွင်း ပေါင်းစပ် ရက်လုပ်ပြီး ပြည်ပဈေးကွက်များကိုပါ ထိုးဖောက်ဝင်ရောက် နိုင်ပါက ပြည်တွင်း ကုန်ထုတ်လုပ်မှု တိုးတက်လာစေမည့်အပြင် အသေးစား အိမ်တွင်းစက်မှုလက်မှု လုပ်ငန်း ကုန်ထုတ်လုပ်မှုများမှ မိသားစုစားဝတ်နေရေးအတွက် အလုပ်အကိုင်သစ်များစွာ ထွက်ပေါ်လာ နိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်ရာ ရက်ကန်းဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်း တည်ထောင် ဆောင်ရွက် လို သူများ အသက်မွေးဝမ်းကျောင်း ပြုလိုသူများအနေဖြင့်  စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ရက်ကန်း နှင့် အသက်မွေးပညာ သင်တန်းကျောင်းများ တွင် စက်ရက်ကန်း၊ လက်ရက်ကန်းပညာရပ် များကို လေ့လာ သင်ယူနိုင်ကြပြီး လိုအပ်သော နည်းပညာ အကူအညီ များ ကိုလည်း ဆွေးနွေးတိုင်ပင် အကြံညဏ် ရယူနိုင်ပါကြောင်းနှင့် နိုင်ငံတော်၏ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက်ချေးငွေ MSME Loans အစီအစဉ် အရ လိုအပ်သော အရင်းအနှီးများအတွက် ကို လည်း မြန်မာ့ စီးပွားရေး ဘဏ်များ မှ တဆင့် တင်ပြလျှောက်ထား ရရှိနိုင်ပါကြောင်း သတင်းကောင်းပါး တင်ပြလိုက်ပါသည်။

ယနေ့အချိန်တွင် ကမ္ဘာနှင့်တဝန်း နည်းပညာဖွံ့ဖြိုးလာမှုနှင့်အတူ နည်းပညာ၏ ဘေး ထွက်ဆိုးကျိုးများကိုလည်း လူသားများအနေဖြင့် ကြုံတွေ့ခံစားနေရပြီဖြစ်ပါသည်။ နိုင်ငံတကာ တွင် လည်း သဘာဝထွက်ကုန်များဖြင့် ပြုလုပ်ထားသည့် ရိုးရာအသုံးအဆောင် ပစ္စည်းများ၏ အခန်းကဏ္ဍ သည် ပြန်လည်ဆန်းသစ်မှုဖြင့် တစ်ကျော့ပြန်နေရာယူလျှက် လူ့သဘာဝ၏ နေထိုင်မှု အသစ်များ ကို ဖန်တီး လျှက်ရှိပေသည်။ သို့ဖြစ်၍ မိမိတို့၏ ရိုးရာရက်ကန်းကဏ္ဍ မြှင့်တင်ရေး လုပ်ငန်းများ တွင် နိုင်ငံ သားတိုင်းအနေဖြင့် အမျိုးသားရေး အသိစိတ်ရှိစွာဖြင့် ပါဝင် ဆောင်ရွက် နိုင်ကြပါစေကြောင်း တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။

ဆောင်းပါးရှင်-      ခွန်စံ