သတင်းကဏ္ဍ

ရိတ်သိမ်းချိန်လွန်နည်းပညာ(TOT)သင်တန်းအမှတ်စဉ် (၇/၂၀၂၀) ဝန်ထမ်း(၅)ရက် သင်တန်းဖွင့်လှစ်

ရိတ်သိမ်းချိန်လွန်နည်းပညာ(TOT)သင်တန်း အမှတ်စဉ်(၇/၂၀၂၀) ဝန်ထမ်း(၅)ရက် သင်တန်းဖွင့်ပွဲအခမ်းအနားကို  ဖေဖေါ်ဝါရီလ(၃)ရက်နေ့ နံနက်(၉)နာရီ အချိန်က  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ထုံးဘိုရိတ်သိမ်းချိန်လွန်နည်းပညာ သင်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒု-တိုင်းဒေသကြီးဦးစီးမှူး၊ ဒေါ်လွင်လွင်ထွန်း နှင့် ကျောင်းအုပ်ဆရာကြီး ဦးမင်းထိန်ဝင်း တို့က သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။

အခမ်းအနားသို့  သင်တန်းဆရာ/ဆရာမများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီး သီးမှ သင်တန်းသား(၃၀)ဦး၊ စုစုပေါင်း(၄၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဖေ​ဖေါ်ဝါရီ လ (၃)ရက်နေ့ မှ (၇)ရက်နေ့အထိ (၅)ရက် ကြာမြင့်မည်ဖြစ်သည်။

ထုံးဘို၊ ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်းမှ နည်းပညာသင်တန်းများ စဉ်ဆက် မပြတ် ဖွင့်လှစ်ပို့ချပေးလျှက်ရှိရာ ၂၀၁၄-၂၀၁၅ခုနှစ်မှ ယနေ့အချိန်ထိ သင်တန်းအကြိမ်ရေ စုစုပေါင်း(၁၃၅)ကြိမ်၊ တောင်သူပေါင်း (၁၇၀၀)ဦး၊ ဝန်ထမ်းပေါင်း(၂၅၇၅)ဦး၊ သင်တန်းသားဦးရေ စုစုပေါင်း(၄၂၇၅)ဦးအား နည်းပညာများဖြန့်ဖြူးပေးခဲ့ပြီး ရိတ်သိမ်းချိန်လွန်နည်းပညာ(TOT) သင်တန်းတက်ပြီးသော ဝန်ထမ်းများမှ မိမိတို့တာဝန်ကျရာဒေသများတွင် ဆင့်ပွားသင်တန်းများ ပြုလုပ်လျှက်ရှိရာ ဆင့်ပွားသင်တန်းအကြိမ်ရေပေါင်း(၄၃၂)ကြိမ်၊ တောင်သူပေါင်း (၈၃၃၇)ဦး၊ ဝန်ထမ်းပေါင်း (၅၈၄၀)ဦး၊ စုစုပေါင်း(၁၄၁၇၇)ဦးတို့အား ရိတ်သိမ်းချိန်လွန်နည်းပညာများ ဖြန့်ဝေပြီးဖြစ်ကြောင်း သတင်းရရှိသည်။