ငါး-ပုစွန်ဆိုင်ရာ ဦးစီးဌာနသတင်းများ

ငါးမဖမ်းရ ရာသီ၊ ငါးမဖမ်းရ ဧရိယာ သတ်မှတ်ခြင်း အတွက် လုပ်ငန်း ဆက်စပ်သူများ အစည်းအဝေးကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ အင်္ဂလန်ကျား (ကျားဖောင်) လုပ်ငန်းနှင့် ၂၀၁၉-၂၀၂၀ ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရဧရိယာသတ်မှတ်ခြင်းအတွက် လုပ်ငန်းဆက်စပ်သူများအစည်းအဝေး (Stakeholder Meeting) ကို ဖေဖော်ဝါရီလ(၄)ရက် နံနက် (၉)နာရီအချိန်က နေပြည်တော် ရုံးအမှတ်(၃၆) အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်း အဝေး သို့ အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များ စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေ၊ စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ကျေးလက် လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ၊ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီ တို့မှ အတွင်းရေးမှူးများနှင့် အဖွဲ့ ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ ဆက်စပ် ဌာန များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် နှင့် ညီနောင်အသင်းအဖွဲ့များ၊ ကျားဖောင် လုပ်ငန်းရှင်အသင်းအဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ကျားဖောင်လုပ်ငန်းရှင်နှင့် ရေလုပ်သားများအကြား ဖြစ်ပေါ်နေသော ပြဿနာများ၊ လူကုန်ကူးခံရမှုများ၊ အဓမ္မခိုင်းစေမှုများ၊ လုပ်အားခေါင်းပုံဖြတ်မှုများ၊ ရေလုပ်သား အာမခံထားရှိရေး ရေလုပ်ငန်းရှင်နှင့် ရေလုပ်သားနှစ်ဦးကြား သဘောတူညီမှုများ၊ (Code of Conduct)များ ထွက်ပေါ်လာရေး ဝိုင်းဝန်းဆွေးနွေးကြပြီး ဧရာဝတီတိုင်း ဒေသကြီး အတွင်း ငါးဖမ်း ရေယာဉ် စစ်ဆေးရေးစခန်း (Check Point) တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်နိုင်ရေးကိုလည်းကောင်း၊ နော်ဝေနိုင်ငံမှ Dr. Fridtjof Nansen သုတေသန ရေယာဉ်ဖြင့် မြန်မာ့ပင်လယ် ငါးလုပ်ငန်း ရေပြင်အတွင်း၌ ၂၀၁၃ ခုနှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် တို့တွင် သုတေသနပြု လေ့လာ တွေ့ရှိချက်များ အရ ရေပေါ်ငါး နှင့် ရေအောက်ငါး သယံဇာတများမှာ များစွာလျော့နည်း သွားမှုများကြောင့် ယခုနှစ် ၂၀၁၉-၂၀၂၀ ငါးဖမ်းရာသီတွင် ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လ (၃)လအား ငါးမဖမ်းရ ရာသီအဖြစ် လည်း ကောင်း၊ မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်ရှိ ငါးဖမ်း ကွက် များ အားလုံးအား ငါးမဖမ်းရ ဧရိယာ အဖြစ်လည်းကောင်း၊ ကမ်းဝေးငါးဖမ်း ရေယာဉ် များ အား ရာခိုင်နှုန်းပြည့် ပိတ်ပင် နိုင်ရေး ကိစ္စ ရပ် များ ကိုလည်းကောင်း ဝိုင်းဝန်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။