သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

အာဆီယံနိုင်ငံများ၏ အမြင့်ဆုံးပိုးသတ်ဆေးဓာတ်ကြွင်းများ တစ်ပြေးညီ သတ်မှတ်ခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ လုပ်ငန်းအဖွဲ့ ၏ (၂၄)ကြိမ်မြောက် အစည်းအဝေးကျင်းပ။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံနိုင်ငံများ၏ အမြင့်ဆုံး ပိုးသတ်ဆေးဓာတ်ကြွင်းများ တစ်ပြေးညီ သတ်မှတ်ခြင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ လုပ်ငန်းအဖွဲ့ (၂၄)ကြိမ်မြောက် အစည်းအဝေးဖွင့်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီလ ၄ ရက် နေ့ နံနက် ၉ နာရီက နေပြည်တော် PARKROYAL Hotel ၌ ကျင်းပရာ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများ ၊ အာဆီယံအတွင်းရေးမှူးချုပ် ရုံးမှ Senior Officer Ms. Sri Dyah Kusumawardhani နှင့် အာဆီယံ အဖွဲ့အဝင်နိုင်ငံများ မှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အဖွင့်အမှာစကားပြောကြားရာ၌ အာဆီယံစားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောထွက်ကုန် ပစ္စည်းများ ရေရှည် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး တိုးတက်စေရန်အတွက် နိုင်ငံတကာတွင် ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ အမြင့်ဆုံး ပိုးသတ်ဆေးဓါတ်ကြွင်းများ သတ်မှတ်ခြင်းကို တစ်ပြေးညီ ဖြစ်စေရန် အာဆီယံနိုင်ငံများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊

မြန်မာနိုင်ငံတွင် ပိုးသတ်ဆေးဓါတ်ကြွင်းများ စစ်ဆေးခြင်းလုပ်ငန်းများကို ထိရောက် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် ဓါတ်ခွဲခန်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး ကို အလေးပေးဆောင်ရွက်လျက်ရှိပြီး၊ CODEX MRLs အား လက်ခံကျင့်သုံး၍ အမျိုးသားအဆင့် အမြင့်ဆုံး ပိုးသတ်ဆေး ဓါတ်ကြွင်း သတ်မှတ်ချက် Myanmar-MRLs သတ်မှတ်ပြဌာန်း နိုင်ရေး အတွက် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ASEAN MRLs အား စည်းမျဉ်း စည်းကမ်းများအဖြစ်လက်ခံထားရှိပြီး  စိုက်ပျိုးရေး ထွက်ကုန်များတွင် ပိုးသတ်ဆေးဓါတ်ကြွင်းများ အမြင့်ဆုံး သတ်မှတ်ချက်ထက် မပိုအောင် ထိန်းချုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

အာဆီံယံကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတိုးမြှင့်ရန်နှင့် ထုတ်ကုန်များ ယှဉ်ပြိုင်နိုင်စွမ်းအား တိုးတက်ရန်ရည်ရွယ်၍ ၂၀၁၅ ခုနှစ်၊ အာဆီယံ စီးပွားရေးအသိုက်အဝန်းတွင် သဘောတူညီရေးဆွဲထားသည့် လမ်းညွှန်ချက်များအား အတည်ပြုခဲ့ပြီးဖြစ်သည်။ အမြင့်ဆုံး ပိုးသတ်ဆေးဓါတ်ကြွင်းများ တစ်ပြေးညီသတ်မှတ် ခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များလုပ်ငန်းအဖွဲ့ကို ၁၉၉၆ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ယနေ့ထိတိုင် ဒေသတွင်း၌ အမြင့်ဆုံးပိုးသတ်ဆေးဓါတ်ကြွင်း သတ်မှတ်ချက်များ (၈၀၀) ကျော်ထိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

အာဆီယံနိုင်ငံများအကြား အမြင့်ဆုံး ပိုးသတ်ဆေး ဓါတ်ကြွင်း သတ်မှတ်ချက် Maximum Residue Levels-MRLs ကို တစ်ပြေးညီ သတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် သိပ္ပံနည်းကျအခြေခံသော သုတေသန စိုက်ပျိုးရေးစမ်းသပ်ကွက်များ၊ နေ့စဉ်စားသုံးနေကျ အစားအသောက် ပုံစံများအပေါ် အခြေခံပြီး အန္တရာယ်ရှိမှု အလား အလာ တွက်ချက်ခြင်းနှင့် အကဲဖြတ် စိစစ်ခြင်း ပုံစံများ ပါဝင်မည်ဖြစ်သည်။ ကျွမ်းကျင် ပညာရှင်များလုပ်ငန်းအဖွဲ့ ၏ လေ့လာ စိစစ်ပြီးသော တစ်ပြေးညီသတ်မှတ်ချက်များကို အာဆီယံ စိုက်ပျိုးရေး နှင့် သစ်တောကဏ္ဍ ဝန်ကြီးများ အဆင့် အစည်းအဝေးတွင် သဘော တူညီချက်ရရှိရန် အဆိုပြုတင်သွင်းသွားမည်ဖြစ်သည်။

ကမ္ဘာတစ်ဝှမ်းတွင် ခေတ်မီဖွံ့ဖြိုး တိုးတက်သော စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများ ၌ စိုက်ပျိုးရေးဆိုင်ရာ ဓာတုပစ္စည်းများ နှင့် ပိုးသတ်ဆေးများကို ကျယ်ပြန့်စွာသုံးစွဲနေကြ  သကဲ့သို့ စားနပ်ရိက္ခာနှင့် တိရစ္ဆာန်အစားအစာများ ထုတ်လုပ်ရာတွင် ပိုးသတ်ဆေး ဓာတ်ကြွင်း ပါဝင်မှု စံနှုန်းများ ကန့်သတ်ချက်များကို နိုင်ငံအလိုက် ဒေသအစုအဖွဲ့အလိုက် ဆောင်ရွက်လာလျက်ရှိရာ အာဆီယံနိုင်ငံများအကြားတွင်လည်း အမြင့်ဆုံး ပိုးသတ်ဆေး ဓါတ်ကြွင်း သတ်မှတ်ချက် Maximum Residue Levels-MRLs တစ်ပြေးညီ သတ်မှတ် ဆောင်ရွက်ခြင်းဖြင့် ဒေသ အတွင်း အပြင် ကုန်စည်စီးဆင်းမှုတွင် ပိုမိုချောမွေ့လာစေရန် ရည်ရွယ်ဆောင်ရွက်သည့် အာဆီယံနိုင်ငံများ၏ အမြင့်ဆုံး ပိုးသတ်ဆေးဓာတ်ကြွင်းများ တစ်ပြေးညီသတ်မှတ်ခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များလုပ်ငန်းအဖွဲ့၏ (၂၄)ကြိမ်မြောက် အစည်းအဝေး ကို ဖေဖေါ်ဝါရီလ ၄ ရက်နေ့ မှ ၆ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။