ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံအကြား စိုက်ပျိုးမွေးမြူရေးအတွက် နည်းပညာနှင့်သုတေသနဆိုင်ရာလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Luan Thuy Duong ဦးဆောင်သည့်အဖွဲ့အား နေပြည်တော် ရုံးအမှတ် ၁၅ ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ သားငါးကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ၊ သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုအဆင့်ဆင့်ဆိုင်ရာ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှု ၊ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား ပူးပေါင်း ဆောင်ရွက်မည့် Action Plan for the Period 2019-2024 ပူးတွဲ ကြေညာချက်ပါ စိုက်ပျိုးရေး၊မေွးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သက်ဆိုင်မှုရှိပြီး ၂၀၁၇ ခုနှစ် တွင် လက်မှတ်ရေးထိုးခဲ့သည့် မွေးမြူရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နည်းလည်မှု စာချွန်လွှာအား  အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ငါးလုပ်ငန်းဆိုင်ရာ လုပ်ငန်း အဖွဲ့ ဖွဲ့စည်းတည်ထောင်ရေး နှင့် ၂၀၂၀ ခုနှစ်မှစ၍ နှစ်ဖက် အလှည့်ကျ အစည်းအဝေး များ ကျင်းပနိုင်ရေး ဆိုင်ရာကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်သည် နှင့်အညီ ဒေသတွင်း အဖွဲ့ဝင်နိုင်ငံများအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး နှစ်နိုင်ငံအကြား လယ်ယာကဏ္ဍ နှင့် ကျေးလက်ကဏ္ဍများ၏ ဖွံ့ဖြိုးရေးလုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ရေးတွင်လည်း  တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ မျိုးသစ် မွေးမြူခြင်း၊ သုတေသနလုပ်ငန်းများ နှင့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ တိုးချဲ့ကျင်းပနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။