(၁၆) ကြိမ်မြောက် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီ အစည်းအဝေးကျင်းပ
(၁၆) ကြိမ်မြောက် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီ အစည်းအဝေး (16th Technical Seed Committee, TSC) ကို စက်တင်ဘာလ (၄) ရက်နေ့၊ နံနက် (၉) နာရီအချိန် က စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ နဝရတ်ခန်းမ ၌ ကျင်းပပြုလုပ်ရာ၊ မျိုးစေ့ ကျွမ်းကျင်မှုဆိုင်ရာကော်မတီ ဥက္ကဌ ဒေါက်တာရဲတင့်ထွန်း ၊ ဒုတိယ ဥက္ကဌ ဒေါက်တာနိုင်ကြည်ဝင်း ၊ အတွင်းရေးမှူး ဦးသက်ဇင်မောင် နှင့် ကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိက မျိုးစေ့ထုတ် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ ဥက္ကဌ ဒေါက်တာရဲတင့်ထွန်း က မြန်မာနိုင်ငံ၏ မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့ထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် စိုက်ပျိုးသူ တောင်သူများအကြား နည်းဥပဒေ စည်းမျဉ်း၊ စည်းကမ်းများ ထားရှိမှုအပေါ် အဖက်ဖက် မှ လိုက်နာဆောင်ရွက်သင့်သည်များ၊ မျိုးစေ့ထုတ် လုပ်ငန်းရှင်များအနေဖြင့် ဖြန့်ဖြူးရောင်းချသည့် မျိုးစေ့အပေါ် ညွှန်ပြထားသည့်အတိုင်း မှန်ကန်မှုရှိရေး (Truth in Labeling) အတွက် အာမခံရန်နှင့် အပင်မျိုးသစ် အကာအကွယ်ပေးရေး (PVP) ဥပဒေအား စိုက်ပျိုးရေး သုတေသနဦးစီးဌာနက ရေးဆွဲပြီးဖြစ်ခြင်းကြောင့် အပင်မျိုးသစ်များ ကာကွယ်ရန်နှင့် မျိုးသစ် မွေးမြူထုတ်လုပ်သူ ပညာရှင်များ၏ ရပိုင်ခွင့် အခွင့်အလန်းများကို အသိအမှတ်ပြု ရယူလိုပါက စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် လျှောက်ထားနိုင်ကြောင်း၊ အဆိုပါ မျိုးသစ်များအား စီးပွါးဖြစ် စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီထံ လျှောက်ထားရမည်ဖြစ်ကြောင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဒုတိယဥက္ကဌ ဒေါက်တာနိုင်ကြည်ဝင်း က မျိုးသစ်အဖြစ် ထောက်ခံချက် ရရှိရေးအတွက် VCU (Value for Cultivation and Use) Test ကို ဒေသ(၃)ခု၌ (၂)ရာသီ စမ်းသပ် လုပ်ဆောင်ရခြင်း ဖြစ်သောကြောင့် အထူးအခွင့်အရေးအနေဖြင့် VCU Test စမ်းသပ်နေစဉ် ယာယီအသုံးပြုခွင့်ရရှိရေး စဉ်းစားပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီအနေဖြင့် မျိုးသစ်များ ထုတ်လုပ်နိုင်ရေးအတွက် အားပေး လျက်ရှိကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန အနေဖြင့် အပြည်ပြည်ဆိုင်ရာ အပင်မျိုးသစ် အကာအကွယ်ပေးရေးအဖွဲ့(UPOV)မှ ချမှတ်ထားသည့် ဥပဒေပုဒ်မများနှင့် ကိုက်ညီမှုရှိရန် အပင်မျိုးသစ် အကာအကွယ်ပေးရေး(PVP) ဥပဒေ(မူကြမ်း)အသစ်အား မကြာမီအတည်ပြုနိုင် တော့မည်ဖြစ်ခြင်းကြောင့် အပင်မျိုးသစ်မွေးမြူသူ ပညာရှင်များအတွက် ရပိုင်ခွင့်နှင့် ထုတ်လုပ် လိုက်သည့် အပင်မျိုးသစ် စိုက်ပျိုးအသုံးပြုခွင့်ရရှိခြင်းဖြင့် သုံးစွဲသည့် တောင်သူများ၏ လူမှုစီးပွါး တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
အပင်မျိုးသစ်အသိအမှတ်ပြု လက်မှတ်ရရှိရေးအတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စက်မှုသီးနှံသုတေသနဌာနစု က ပီလောပီနံ (၁)မျိုး အပါအဝင်၊ ပုဂ္ဂလိက မျိုးစေ့ထုတ် ကုမ္ပဏီ (၂၆)ခုတို့က စပါး(၂)မျိုး၊ ပြောင်းချို(၁)မျိုး၊ ငရုတ်(၂)မျိုး၊ ဝါ(၁)မျိုး၊ အစေ့စားနေကြာ(၂)မျိုး၊ ဟင်းစားပဲပုပ်(၂) မျိုး၊ ပဲနီ(၁)မျိုး၊ ကြက်သွန်နီ(၃) မျိုး၊ ကြက်ဟင်းခါး(၂)မျိုး၊ ခရမ်း(၄)မျိုး၊ နံနံ(၂) မျိုး၊ မုန်လာဥဖြူ(၂)မျိုး၊ ကန်စွန်း(၂)မျိုး၊
ရွှေဖရုံ(၅)မျိုး၊ မုန်လဥနီ(၃) မျိုး၊ မုန်လာရွက်(၁)မျိုး၊ ရုံးပတီ(၃) မျိုး၊ ခဝဲ(၁)မျိုး၊ သခွါး(၂)မျိုး၊ ဖရုံသခွါး(၁)မျိုး၊ သကြားမုန်လာ(၂)မျိုး၊ သင်္ဘော(၂)မျိုး၊ အာလူး(၅)မျိုး၊ တစ်သျှူး ငှက်ပျော(၅)မျိုး၊ ကြံ(၁)မျိုး၊ Stevia (၁) မျိုးနှင့် ဘူးသီး(၁)မျိုး အပါအဝင်၊ စပါးမိဘလိုင်း(၁)စုံ၊ အစေ့ထုတ်ပြောင်း မိဘလိုင်း(၇)စုံ၊ ခရမ်းချဉ် မိဘလိုင်း(၃)စုံ၊ သခွါးမိဘလိုင်း (၁)စုံ၊ ဖရဲမိဘလိုင်း(၁)စုံ၊ ကြက်ဟင်းခါးမိဘလိုင်း(၁)စုံ၊ ပဲတောင့်ရှည်မိဘလိုင်း(၁)စုံ၊ ရွှေဖရုံ မိဘလိုင်း(၂)စုံ နှင့် ရုံးပတီမိဘလိုင်း(၁)စုံတို့အား လျှောက်ထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။