သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မြေနုကျွန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန သည် ခေတ်စနစ်နှင့် ကိုက်ညီသော ဝန်ထမ်းဖွဲ့စည်းပုံခန့်အပ်ရေးလုပ်ငန်းကို ပထမအဆင့်အနေဖြင့် ဆောင်ရွက်လျက်ရှိပြီး တစ်ဖက်မှာလည်း ဝန်ထမ်းများ အရည်အသွေးမြင့်မားရေး အတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ ပညာပေးသင်တန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အသစ်ခန့်ထားမည့် ဝန်ထမ်းအင်အားအရေအတွက် များပြားလာသည်နှင့်အမျှ ဝန်ထမ်းများ၏ အရည်အသွေး မလျော့ကျသွားစေရေး၊ အစဉ်တိုးတက်မြင့်မားစေရေး ဆိုတဲ့ကိစ္စသည်လည်း အရေကြီး ကိစ္စရပ်အနေနဲ့ ယှဉ်ပြိုင်ပါဝင်လာမှာဖြစ်သည့်အတွက် ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ များ စဉ်ဆက်မပြတ်ကျင်းပပြုလုပ်လျက်ရှိသည်။

မြေနုကျွန်းစီမံခန့်ခွဲရေးဆိုင်ရာ အတွေ့အကြုံများနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ရန်၊ ရှေးယခင်ကဖြစ်ပေါ်ခဲ့သော မြေနုကျွန်းပြဿနာများအပေါ် ဖြေရှင်း လုပ်ကိုင်ခဲ့မှုအတွေ့အကြုံများ ကြားနာသိရှိလေ့လာနိုင်ရန်၊ လာမည့်မြေနုကျွန်း ရာသီမှ စ၍ မြေပြင်လက်တွေ့ဆောင်ရွက်ကြရမည့် ဌာနဝန်ထမ်းများအနေဖြင့် ယခင်ကထက် ပိုမိုကောင်းမွန်သော မြေနုကျွန်းစီမံခန့်ခွဲခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် တို့ကိုရည်ရွယ်၍ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနက မြေနုကျွန်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို စက်တင်ဘာလပထမပတ် က တော်ဝင်နေပြည်တော် ဟိုတယ် ၌ ကျင်းပပြုလုပ်ရာ   အလုပ်ရုံဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးများ၊ ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း (၁၃၀)ဦး၊ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်(၃)ဦး၊ အငြိမ်းစားပညာရှင်ဝန်ထမ်းများ ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေး ကြသည်။

ယနေ့နိုင်ငံနှင့်အဝှမ်းဖြစ်ပေါ်နေသည့် မြေနုကျွန်းပြဿနာဖြေရှင်းမှုမှာ ဒေသ အာဏာပိုင်များ၏ လမ်းညွှန်ကွပ်ကဲမှု၊ ဆက်စပ်ဌာနဆိုင်ရာများ၏ အကြံပြုတင်ပြချက် များအရ ပြဿနာအား ပြေလည်အောင်ဖြေရှင်းရာတွင် တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို နည်းလမ်းအမျိုးမျိုးဖြင့် ဖြစ်ပေါ်နေတဲ့အတွက် ယင်းကဲ့သို့သော ဆောင်ရွက်မှုသည် ဥပဒေ၊ နည်းဥပဒေများ နှင့် လွတ်ကင်းသွားပါက ဝန်ထမ်းများအတွက် မလိုလားအပ်သောပြဿနာများ ဖြစ်ပေါ်စေနိုင်သလို တစ်ဘက် တွင်လည်း ဥပဒေ၊ နည်းဥပဒေများ တပြေးညီကျင့်သုံး ဆောင်ရွက်ပေးနိုင်စေရန် လိုအပ်ချက်အရ မြေနုကျွန်းစီမံခန့်ခွဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က ပြောသည်။

ခေတ်အဆက်ဆက်က တည်ဆဲဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများအရ မြေနုကျွန်းခွဲဝေမှု သည် နီးစပ်ရာကျေးရွာကို အခြေခံထားခြင်းသာဖြစ်ပြီး အုပ်ချုပ်မှု နယ်နိမိတ်ကို အခြေခံထားခြင်းမဟုတ်ကြောင်း၊ နီးစပ်ရာမြို့နယ်၏ အုပ်ချုပ်မှုနယ်နိမိတ် အရ စီမံခန့်ခွဲပေးခြင်းသာဖြစ်ကြောင်း၊ ယင်းသို့ နီးစပ်ရာရွာကို အခြေခံသည့် မြေနုကျွန်း ခွဲဝေခြင်း နည်းစနစ်အရ တစ်နိုင်ငံလုံးအတိုင်းတာအနေဖြင့် (၉၀)ရာခိုင်နှုန်းကျော်ခန့် အဆင်ပြေစွာ ဖြေရှင်းဆောင်ရွက်နိုင်ကြသည်ကို လေ့လာတွေ့ရှိရကြောင်း ၊ မြေနုကျွန်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ(၄)ရက်မှ (၅)အထိ ကျင်းပပြုလုပ်ခဲ့ကာ အလုပ်ရုံဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် မြေယာမဏ္ဍိုင်အဖွဲ့ က ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာသူများက မိမိတို့၏ လုပ်ငန်း အတွေ့ အကြုံ ၊ သဘောထားအမြင် နှင့် ဥပဒေပိုင်းဆိုင်ရာ ကိစ္စများအပေါ် ယှဉ်ထိုးပြီး ရင်းနှီးပွင့်လင်း စွာ နှီးနှောဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။