ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ(၂၂)ကြိမ်မြောက် အစည်းအဝေး ကျင်းပ။

နိုင်ငံတော်တွင် လက်ရှိ မြေလွတ်၊မြေရိုင်း ဧကပေါင်း (၄၇) သန်းခန့်ရှိရာ လမ်းပန်း ဆက်သွယ်ရေး သင့်တင့်ကောင်းမွန်သည့်ဒေသများတွင် ဧကပေါင်း(၁၅)သန်းခန့် ကျန်ရှိသည့် အပေါ်  အကျိုးရှိစွာ အသုံးပြုဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ သစ်တော ဖုံးလွှမ်းမှု အချိုးအစား တိုးတက်စေရေးအတွက် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန က သစ်တောနှင့်သယံဇာတ လုပ်ငန်းများအတွက် အသုံးပြု လိုသည့် ဧရိယာ နယ်နိမိတ်ကို တိကျစွာ အဆိုပြုပါက မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ချထားပေးမည့် ဧရိယာများနှင့် လုပ်ကွက်မထပ်စေရန် စီစဉ် ဆောင်ရွက်ပေး နိုင်မည် ဖြစ်ကြောင်း၊  အောက်တိုဘာလ(၃)ရက်နေ့ နံနက်(၉)နာရီက နေပြည်တော် ရုံးအမှတ် ၁၅ ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၂၂)ကြိမ်မြောက် လုပ်ငန်းညှိ နှိုင်း အစည်းအဝေး တွင် ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ  က ပြောကြားသည်။

အစည်းအဝေးသို့ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ  နှင့်အတူ ဗဟိုကော်မတီဝင်များ စုံညီစွာ တက်ရောက်ကြပြီး ဗဟိုကော်မတီ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင် ခွင့်၊ အသုံးပြုခွင့် ရရှိသူများထံမှ ကောက်ခံရမည့် မြေခွန်များ ကြွေးကျန် မရှိ ပြီးပြတ်အောင် ကောက်ခံနိုင်ရေးကိစ္စ နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း နှင့် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်မည့် အကြောင်း တစ်ခုချင်းအလိုက် ရှင်းလင်း တင်ပြရာ ဗဟိုကော်မတီ ဥက္ကဌ နှင့် ဗဟိုကော်မတီ ဝင်များ က ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ  က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဖွံ့တိုးတက်ရေးအတွက် မြေလွတ်၊မြေလပ် နှင့်မြေရိုင်းများကို အသုံးပြု၍ စီးပွားဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဓာတ်သတ္ထု ထုတ်လုပ်ခြင်း၊ အစိုးရက ခွင့်ပြုထားသည့် ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများကို ထိရောက် မှန်ကန်စွာ အသုံးချစီမံဆောင်ရွက် သွားနိုင်ရန် နှင့် အခြေခံအဆောက်အအုံ၊ စီမံကိန်း လုပ်ငန်းနှင့် အထူးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ လမ်းညွှန်မှာကြား ချက်များ နှင့် အညီ လိုက်နာကျင့်သုံး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးမှ ၂၀၁၉ခုနှစ် စက်တင်ဘာလအတွင်း ထုတ်ပြန်ပေးခဲ့သော မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ အား နိုင်ငံတော်၏ရေရှည်အကျိုးစီးပွားအလို့ငှာ လုပ်ကိုင်ဆောင်ရွက်ခွင့် တင်ပြလာခြင်းကိစ္စရပ်အပေါ်  လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များအား အကောင် အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေးပြောကြားသည်။

အစည်းအဝေးတွင် ယခုအစိုးရကာလ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသည့် အမှုတွဲများ စိစစ်တင်ပြခြင်း၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၃/၂၀၁၆) အစည်းအဝေး နှင့် (၁၉/၂၀၁၉)အစည်း အဝေး၊ (၂၀/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်များအရ ပြည်လည်စိစစ်ရန် အကြောင်းကြား ထားခြင်းများအပေါ် စိစစ်တင်ပြခြင်းနှင့် အဆိုပြုတင်ပြလာသည့် ကိစ္စရပ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ သဘောထားမှတ်ချက်ပြန်ကြားလာသည့် အမှုတွဲများ၊ စည်းကမ်းချက် သတ်မှတ်ကာလ(၄)နှစ် ပြည့်မြောက်ပြီးချိန်အထိ မြေပြင်အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်မှုမရှိ သဖြင့် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရုပ်သိမ်းခြင်းမှ ပယ်ဖျက်ခွင့်ပြုနိုင်ရန် တင်ပြလာခြင်း၊ စည်းကမ်းချက် သတ်မှတ်ကာလ(၄)နှစ် ပြည့်မြောက်ပြီးချိန်အထိ မြေပြင်အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှုမရှိဘဲ မြေရယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ တပ်ရင်းတပ်ဖွဲ့တို့အား သိမ်းဆည်းနိုင်ရေး တင်ပြလာမှုများ၊

ယခင်ဗဟိုအဖွဲ့မှ ခွင့်ပြုထားသည့် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများအား ပြန်လည် အပ်နှံခွင့် ပြုရန် လျှောက်ထားလာမှုများ၊ မြေယာလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်း အပေါ် ကန့်ကွင်လွှာတင်သွင်းခြင်းအပေါ် စိစစ်နိုင်ရေး သီးခြား အဖွဲ့ ဖွဲ့စည်းခြင်းကိစ္စရပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံ ခန့်ခွဲရေး ကော်မတီများ ပြင်ဆင်ဖွဲ့စည်းရန် ကိစ္စရပ်များအား အသေးစိတ် ဆွေးနွေး ကြကြောင်း သတင်းရရှိသည်။