ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေး

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာန၊ International Finance Cooperation(IFC)နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တို့ ပူးပေါင်း ကျင်းပသော  မြန်မာနိုင်ငံ ၏ ဝက်မွေးမြူထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကို အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်က နေပြည်တော် Hilton Hotel ၌ ကျင်းပပြုလုပ်ရာ  အခမ်းအနား သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ နေပြည်တော်ကောင်စီ ဒုတိယဥက္ကဌ ၊ ကချင်ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ၊ အမြဲတမ်း အတွင်းဝန်များ နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ International Finance Cooperation(IFC) ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် နှင့် မိတ်ဖက်ဌာနများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အဖွင့်အမှာစကား ပြောကြားရာ၌ ဝက်မျိုးစိပ်များမှာသာ လှည့်လည်ကူးစက်နိုင်သည့် အာဖရိက ဝက်အပြင်းဖျား ရောဂါသည် လူကိုကူးစက်နိုင်သည့် ရောဂါမဟုတ်သည့်အတွက် ပြည်သူ့ကျန်းမာရေးကို စိုးရိမ်ရန်မလိုအပ်သော်လည်း အိမ်မွေးဝက်များ၊ စီးပွားဖြစ် ဝက်မွေးမြူထုတ်လုပ်သော လုပ်ငန်းများအား ထိခိုက်စေလျက်ရှိကြောင်း၊

နိုင်ငံဖြတ်ကျော် ကူးစက်ခံရခြင်း၊ ဗိုင်းရပ်ပိုး သည် လပေါင်းများစွာရှင်သန်နိုင်ပြီး ကူးစက်နှုန်း လျင်မြန် သဖြင့် စီးပွားရေးအရ ဆုံးရှုံးမှု များစွာဖြစ်ပေါ်စေခြင်း ၊ ကာကွယ် ဆေး ကုသဆေးများ မရှိသေးခြင်း တို့ကြောင့် ကမ္ဘာ့ တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ က အရေးကြီး ထိန်းချုပ်ရမည့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက် ရောဂါအဖြစ် သတ်မှတ် ထား သည့် ရောဂါတစ်ခု ဖြစ်ကြောင်း၊

အာဖရိက ဝက်အပြင်းဖျားရောဂါသည် အစားအစာ ဘေးကင်းလုံခြုံရေး နှင့် မွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးလာရေး တို့အတွက် အဟန့်အတားဖြစ်စေရုံမျှမက ပြည်သူတို့၏ အသက်မွေးဝမ်းကျောင်း နှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးလုပ်ငန်းများကိုပါ  ထိခိုက်စေ နိုင်သည့် တိရစ္ဆာန်ကူးစက်ရောဂါတစ်မျိုးအဖြစ်ခြိမ်းခြောက်လျက်ရှိရာ မိမိတို့အားလုံး အထူး ဂရုပြု ကာကွယ် ထိန်းချုပ်ရန်လိုကြောင်း  ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ်(UMFCCI) ဒုတိယ ဉက္ကဌ ဦးရဲမင်းအောင် နှင့်  International Finance Cooperation(IFC) မှ Acting Country Manager Ms. Ashani Chanuka Alles တို့က ဆွေးနွေးပွဲကျင်းပရခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် ဆွေးနွေးပွဲ ကို  ဆက်လက်ကျင်းပရာ သက်ဆိုင်ရာ ပညာရှင်များ ၊ ကျွမ်းကျင်သူများ က အာရှနိုင်ငံများ၏ အာဖရိက ဝက် အပြင်းဖျား ရောဂါ အတွေ့အကြုံ နှင့် မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုအခြေအနေများ၊ မြန်မာနိုင်ငံ၌ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးစီမံချက်များဆောင်ရွက်နေမှု၊ ခေတ်မီဇီဝကာကွယ်ရေးစနစ် ရှိသော ဝက်သား ထုတ်လုပ်မှုလုပ်ငန်းတည်ဆောက်ရေး၊ လျင်မြန်စွာပြန်လည်တည်ဆောက် ရန် အထောက်အပံ့ဖြစ်စေမည့် လုပ်ထုံးလုပ်နည်းများအား ပြည်ပဥပဒေလေ့လာရေးအဖွဲ့က ရှင်းလင်းဆွေးနွေးခြင်း၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေး ခြင်း နှင့် ဆွေးနွေးချက် ရလဒ်များအပေါ် ဝိုင်းဝန်း အကြံပြုသုံးသပ်ခြင်းများကို ဆောင်ရွက်ခဲ့ ကြသည်။

အာရှနိုင်ငံများ၏ အာဖရိက ဝက်အပြင်းဖျား ရောဂါ အတွေ့အကြုံများ၊ မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို ဆွေးနွေးခြင်းဖြင့် လူအများ ပိုမိုသိရှိ လာစေရန်၊ အကျိုးသက်ဆိုင်သူများ၏ ဆွေးနွေးချက်များနှင့် သဘောတူညီချက်များ ဖြင့် မြန်မာနိုင်ငံရှိ ဝက်မွေးမြူရေးအပါအဝင် ဝက်သားထုတ်လုပ်ရေးလုပ်ငန်းများ နှင့် သက်ဆိုင်သည့် လုပ်ငန်းများ၏  ဆုံးရှုံးနစ်နာမှုများ လျော့ချရန် နှင့် မြန်ဆန်စွာပြန်လည် တည်ဆောက်ရန် တို့ကိုရည်ရွယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာန ၊ International Finance Cooperation(IFC) နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)တို့ ပူးပေါင်း၍ ယနေ့ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။