သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

သီးနှံများဘေးအန္တရာယ်ကင်းရှင်း၍ စျေးကွက်အခွင့်အလမ်းကောင်းများရရှိရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

စိုက်ပျိုးရေး ဦးစီးဌာန၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲ က ကျင်းပပြုလုပ်သည့် သီးနှံများ အန္တရာယ်ကင်းရှင်း၍ စျေးကွက်အခွင့်အလမ်းကောင်းများရရှိရေး အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၃ ရက်နေ့ နံနက် (၉)နာရီ က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံ သုတေသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC)  ကျင်းပသည်။ 

         အလုပ်ရုံဆွေးနွေးပွဲ  သို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဦးသက်ဇင်မောင်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စိုက်/မွေးကော်မတီအတွင်းရေးမှူး ဒေါ်စိုးပပလှိုင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲ ညွှန်ကြားရေးမှူး ဦးသူရစိုး၊ ရန်ကုန်တိုင်း ဒေသကြီးညွှန်ကြားရေးမှူး ဦးမြင့်ဆွေ၊မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ Network Activities Group တို့မှ ဖိတ်ကြားထားသော ပညာရှင်များ၊ ဧည့်သည်တော်များနှင့် စိုက်ပျိုးသူတောင်သူများ တက်ရောက်ကြသည်။

        ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့်  တိုင်းဒေသကြီးလွှတ်တော် စိုက်/မွေးကော်မတီအတွင်းရေးမှူး တို့က အမှာစကားပြောကြားကြသည်။

ထို့နောက် GAP လက်မှတ်ရရှိသော ရန်ကုန်တိုင်း ဒေသကြီးမှ စိုက်ပျိုးသူများအား GAP လက်မှတ်ပေးအပ်သည်။ ဆက်လက်၍ VFRDC တွင် (၄)လတာ ဖွင့်လှစ်ခဲ့သည့် တောင်သူဟင်းသီးဟင်းရွက်မျိုးစေ့ထုတ်သင်တန်းကို တက်ရောက်ခဲ့ ကြသော သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်နှင့် ထူးချွန်ဆုများကို တာဝန်ရှိသူများက ပေးအပ်ချီး မြှင့်သည်။

             အလုပ်ရုံဆွေးနွေးပွဲကိုဆက်လက်ကျင်းပရာ တွင်  Network Activities Group မှ Program Officer, ဦးစည်သူထွန်း က Role of the farmer groups in value chain of crops ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာသီသီမာ က Digitalization and Agribusiness ခေါင်းစဉ်ဖြင့်လည်းကောင်း၊ MFVP မှ ဦးဆန်းလင်း က သီးနှံစျေးကွက်အခွင့်အလမ်းများနှင့် အလားအလာများခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဝဏ္ဏထွန်း က GAP နှင့် အော်ဂဲနစ် စိုက်ပျိုးရေးကဏ္ဍဆောင်ရွက်ထားရှိမှုနှင့် အော်ဂဲနစ်ထောက်ခံချက်ပေးရေးလမ်းညွှန်ချက်များ(စတုတ္ထမူကြမ်း) ပြင်ဆင်ထားရှိမှု ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး တင်ပြကြရာ ဧည့်သည်တော်များ က သိရှိလိုသည်များ အပြန် အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။